ယူကရိန်းစစ်ပွဲတွင် အနောက်အုပ်စုပါဝင်ပတ်သက်နေကြောင်းကို ဂျာမနီအရာရှိများ ဆွေးနွေးထားသည့် ပေါက်ကြားခဲ့သော အသံမှတ်တမ်းက သက်သေခံနေသည်ဟု ရုရှားအစိုးရ ပြောကြား

ယူကရိန်းစစ်ပွဲတွင် အနောက်အုပ်စုပါဝင်ပတ်သက်နေကြောင်းကို ဂျာမနီအရာရှိများ ဆွေးနွေးထားသည့် ပေါက်ကြားခဲ့သော အသံမှတ်တမ်းက သက်သေခံနေသည်ဟု ရုရှားအစိုးရ ပြောကြား
အသံဖိုင်ပေါက်ကြားခဲ့သည့်ကိစ္စကို ဂျာမနီကာကွယ်ရေးဝန်ကြီး ဘော်ရစ်ပစ်စတိုးရီးယက် ရှင်းလင်းပြောကြားနေပုံကို မတ် ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အသံဖိုင်ပေါက်ကြားခဲ့သည့်ကိစ္စကို ဂျာမနီကာကွယ်ရေးဝန်ကြီး ဘော်ရစ်ပစ်စတိုးရီးယက် ရှင်းလင်းပြောကြားနေပုံကို မတ် ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 5 March 2024

ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်နိုင်ဖွယ်ရာရှိသည့်အလားအလာများအား ဂျာမနီတာဝန်ရှိသူများ ဆွေးနွေးထားသည့် ပေါက်ကြားခဲ့သော ပြောစကားများတွင်ပါဝင်သော အကြောင်းအရာများသည် အ နောက်နိုင်ငံများအနေဖြင့် ယူကရိန်းပဋိပက္ခတွင် ပါဝင်လျက်ရှိသည်ကို သက်သေထူနေသည်ဟု မတ် ၄ ရက်တွင် ရုရှားအစိုးရက ပြောကြားခဲ့သည်။

ယင်းပေါက်ကြားမှုသည် ဂျာမနီအစိုးရအတွက် အရှက်ရစရာဖြစ်စေခဲ့သည်။ ဂျာမနီသည် ခဲယမ်းပြတ်လပ်မှု ပြဿနာကို ရင်ဆိုင်နေရသည့် ယူကရိန်းထံ တော်ရက်စ် ဒုံးကျည်များ ပံ့ပိုးပေးရန် ဖိအားပေးခံနေရသည်။

“စကားပြောဆိုထားတာတွေဟာ ယူကရိန်းပဋိပက္ခမှာ အနောက်အုပ်စုရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုကို ထပ်မံ မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်”ဟု ရုရှားအစိုးရပြော ရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြော ကြားခဲ့သည်။

ဂျာမနီ အရာရှိများ အချင်းချင်းပြောဆိုထားသည့် ၃၈ မိနစ်ကြာ ဆွေးနွေးမှုကို အသံဖမ်းယူထားသည်များကို မတ် ၁ ရက်ညပိုင်းတွင် ရုရှားလူမှုမီဒီယာ၌ ပို့စ်တင်ခဲ့သည်။

ဂျာမနီအရာရှိများသည် ဂျာမနီလုပ်တော်ရက်စ် ဒုံးကျည်များကို ယူကရိန်းတွင် အသုံးပြုနိုင်မည့်အလားအလာကိုလည်းကောင်း၊ ယင်းဒုံးကျည်များ၏ ဖြစ်လာနိုင်ဖွယ်ရာ သက်ရောက်မှုများကိုလည်းကောင်း ဆွေးနွေးထားသည်ကို ပေါက်ကြားသော အသံဖိုင်တွင် ကြားရသည်။

ဆွေးနွေးခဲ့သော အကြောင်းအရာများထဲတွင် ရုရှားကုန်းမကြီးနှင့် ၂၀၁၄ ခုနှစ်တွင် ရုရှားသိမ်းယူခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ထားသည့် ကာ့ချ်ရေလက်ကြားရှိ အရေးပါသော တံတားလို ပစ်မှတ် များကို တော်ရက်စ် ဒုံးကျည်များဖြင့် ချိန်ရွယ်ထားမည့် ကိစ္စပါဝင်ခဲ့သည်။

အသံဖမ်းယူမှုသည် လေတပ်ဌာနခွဲတစ်ခုတွင် ကြားဖြတ်အသံဖမ်းယူခံရသည့် စကား ပြောဆိုမှုများပါဝင်သည်ဟုယုံကြည်ကြောင်း ဂျာမနီက ပြောကြားခဲ့သော်လည်း ယင်းပြောစကားများကို တည်းဖြတ်ထားခြင်းရှိမရှိဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

အသံဖမ်းယူထားသည့် အကြောင်းအရာများကိုယ်တိုင်က ဂျာမနီစစ်တပ်အနေဖြင့်   ရုရှားနယ်မြေကို တိုက်ခိုက်ရန်အစီအစဉ်များကို ထိထိရောက်ရောက် ခြေခြေမြစ်မြစ်ဆွေးနွေးနေသည်ကို ဖော်ပြနေကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မော်စကိုရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော အစည်းအဝေးကို ဂျာမနီနိုင် ငံခြားရေးဝန်ကြီး အလက်ဇန်ဒါဂရက်ဖ်လမ်းစ်ဒေါ့ဖ် တက်ရောက်လျက်ရှိစဉ် ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ပက်စကော့က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဂျာမနီအရာရှိ အချင်းချင်းဆွေးနွေးခဲ့တဲ့ကိစ္စကို ရှင်းလင်းချက်များပေးရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂရက်ဖ်လမ်းစ်ဒေါ့ဖ်သည် တစ်စုံတစ်ရာ ဖြေကြားခြင်းမပြုဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံမှ ထွက်ခွာသွားသည်ဟု ရုရှားသတင်းဌာနများက ဖော်ပြခဲ့သည်။

လမ်းစ်ဒေါ့ဖ်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် ကာလရှည် စီမံချက်အစည်းအဝေးကို တက်ရောက်ခဲ့သည်ဟု ဂျာမနီကထုတ်ပြန်ခဲ့သည်။   

Ref: AFP

Most Read

Most Recent