ထိုင်ဝမ်ကျွန်းအနီးတွင် ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၃၂ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ထိုင်ဝမ်ကျွန်းအနီးတွင် ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၃၂ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
မတ် ၁၉ ရက်က ထိုင်ဝမ်ကျွန်းပေါ်ရှိ ဒေသခံဘုရားကျောင်းတစ်ကျောင်းအတွင်း စစ်ရေးလေ့ကျင့်နေသည့် ထိုင်ဝမ် အရန်စစ်သားများကို တွေ့ရစဉ်(Photo:AFP)
မတ် ၁၉ ရက်က ထိုင်ဝမ်ကျွန်းပေါ်ရှိ ဒေသခံဘုရားကျောင်းတစ်ကျောင်းအတွင်း စစ်ရေးလေ့ကျင့်နေသည့် ထိုင်ဝမ် အရန်စစ်သားများကို တွေ့ရစဉ်(Photo:AFP)
Published 21 March 2024

ထိုင်ဝမ်ကျွန်းအနီးတွင် ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၃၂ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ယခုနှစ်အတွင်း တရုတ်စစ်လေယာဉ်အရေအတွက် ဒုတိယအများဆုံး ထောက်လှမ်းတွေ့ရှိမှုဖြစ်ခဲ့သည်။

ဒေသစံတော်ချိန် မတ် ၂၁ ရက် နံနက် ၆ နာရီ မတိုင်မီ ပြီးခဲ့သည့် ၂၄ နာရီကာလအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် မောင်းနှင်နေသည့် ရေတပ်သင်္ဘော ၅ စင်းကိုလည်း ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လေယာဉ် အစင်း ၂၀ သည် ထိုင်ဝမ် ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ် လက်နက်ကိုင်တပ်ဖွဲ့များသည် အခြေအနေကို စောင့်ကြည့်နေပြီး ကင်းလှည့် လေယာဉ်များ၊ ရေတပ်သင်္ဘောများ၊ ကမ်းရိုးတန်းပေါ်ရှိ ဒုံးကျည်စနစ်များကို ဖြန့်ကြက်ချထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဇန်နဝါရီလကုန်ပိုင်းမှ ဖေဖော်ဝါရီလ အစောပိုင်းကာလအတွင်း ၂၄ နာရီကာလ နှစ်ခုအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၃၃ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး ထိုဖြစ်စဉ်များသည် ယခုနှစ်အတွင်း ထိုင်ဝမ်က တရုတ်၏ စစ်လေယာဉ် အရေအတွက် အများဆုံးထောက်လှမ်းတွေ့ရှိမှုဖြစ် ခဲ့သည်။

ထိုင်ဝမ်တွင် တရုတ်က နှစ်မြို့ခြင်းမရှိသည့် ဒုတိယသမ္မတ လိုင်ချင်တယ် အနိုင်ရခဲ့သည့် ဇန်နဝါရီ ၁၃ ရက် သမ္မတရွေးကောက် ပွဲအပြီးတွင် ထိုကဲ့သို့ တရုတ်လေယာဉ်များကို ထောက်လှမ်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အာဏာရ DPP ပါတီမှ လိုင်နှင့် ဒုတိယသမ္မတလောင်း ဟီရှောင်ပီခင်တို့သည် မေ ၂၀ ရက်တွင် စတင်ရုံးထိုင်မည်ဖြစ်သည်။

မတ် ၁၉ ရက်က တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက ချက်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် ဟီရှောင်၏ ခရီးစဉ်ကို ဝေဖန်ပြစ်တင်ခဲ့ပြီး ထိုခရီးစဉ်သည် ထိုင်ဝမ်လွတ်လပ်ရေး ရည်ရွယ်ချက်အတွက်ဖြစ်ပြီး ထိုင်ဝမ်ရေလက် ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အထောက်အကူမဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်ရေတပ်သင်္ဘော ၁၁ စင်းကို တွေ့ရှိခဲ့ ပြီး ထိုဖြစ်စဉ်သည် ယခုနှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီး တရုတ်သင်္ဘောအများဆုံးတွေ့ရှိ မှုဖြစ်ခဲ့သည်။

ထို့ပြင် ထိုင်ဝမ်နှင့် တရုတ်အကြား လူသေဆုံးမှုရှိခဲ့သည့် ငါးဖမ်းသင်္ဘောတစ်စင်း မတော်တဆမှုဖြစ်စဉ်ကြောင့် ဆက်ဆံရေးများ တင်းမာခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက်က ထိုင်ဝမ်ကထိန်းချုပ်ထားသည့် ကင်မန်ကျွန်းစုအနီးတွင် လူလေးဦး လိုက်ပါလာသည့် စပိဘုတ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် လူနှစ်ဦးသေဆုံးကာ နှစ်ဦးအသက်ရှင်ခဲ့သည်။

ထိုဖြစ်စဉ်သည် တရုတ်နှင့် ထိုင်ဝမ်အကြား မြင့်တက်နေသည့် တင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။

တရုတ်က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်ဝမ်ကို ရှုတ်ချခဲ့ပြီး ယင်းသည် ထိုင်ဝမ်ရေ လက်ကြား တစ်ဖက်တစ်ချက်တွင် နေထိုင်သည့် တစ်နယ်တည်းသားချင်းများကို ဆိုးရွားစွာ ထိခိုက်ခံစားမှု ဖြစ်စေခဲ့ကြောင်း ပြောဆိုခဲ့သည်။

                                               Ref:AFP

Most Read

Most Recent