ဟေတီ အသွင်ကူးပြောင်းရေးအစိုးရမဖွဲ့မီ လူဆိုးဂိုဏ်းများက မြို့တော် ပို့အော်ပရင့်ကို ပိုမိုထိန်းချုပ်လာ

ဟေတီ အသွင်ကူးပြောင်းရေးအစိုးရမဖွဲ့မီ လူဆိုးဂိုဏ်းများက မြို့တော် ပို့အော်ပရင့်ကို ပိုမိုထိန်းချုပ်လာ
ပို့အော်ပရင့်၌ သေနတ်သံများကြားရပြီးနောက် ကလေးချီ၍ ပြေးနေသော အမျိုးသမီးကို မတ် ၂၀ ရက်တွင် တွေ့ရစဉ် (Photo: AFP)
ပို့အော်ပရင့်၌ သေနတ်သံများကြားရပြီးနောက် ကလေးချီ၍ ပြေးနေသော အမျိုးသမီးကို မတ် ၂၀ ရက်တွင် တွေ့ရစဉ် (Photo: AFP)
Published 22 March 2024

နိုင်ငံရေးပါတီများက အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းရန်နီးကပ်လာပြီး ပဋိပက္ခဖြစ်ပွားနေသော ကာရီဘီယံဒေသတွင်းနိုင်ငံ ဟေတီ၌ သွေးထွက်သံယိုဖြစ်ပွားမှုများ ထပ်မံဖြစ်ပွားလာခြင်းနှင့်အတူ ဟေတီ ၏လူဆိုးဂိုဏ်းများသည် ပို့အော်ပရင့်တွင် နေရာအများအပြားကို သိမ်းပိုက်ထားသည်ဟု မတ် ၂၁ ရက်တွင် ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တီးဂရက်စ်ဟုခေါ်သည့်ထိပ်တန်းလူဆိုးဂိုဏ်းခေါင်းဆောင် အန်းဂျူးလ်သည် လုံ ခြုံရေးတပ်ဖွဲ့များနှင့်ဖြစ်ပွားသည် အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ဂျူးလ်သည် ဒါးလ်မက်စ် ၉၅ ဂိုဏ်းကို ဦးဆောင်နေသူဖြစ်သည်။

ဟေတီအတွက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းသူ အူးလ်ရီကာ ရစ်ချဒ်ဆင်က ဗီဒီယိုလင့်ခ်ဖြင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပို့အော်ပရင့်၏ နေ့စဉ်နေထိုင်မှုအခြေအနေကို ရှင်းလင်း ပြောကြားခဲ့သည်။ ကားလမ်းများကို အတားအဆီးများဖြင့်ပိတ်ထားပြီး သေနတ်သံများကို ကြားနေရသည်ဟု ဆိုသည်။ လူဆိုးဂိုဏ်းများက ပို့အော်ပရင့် ရပ်ကွက်များကို သိမ်းပိုက်ထားသောကြောင့် ပြည်သူအများအပြားသည်  ရှောင်ပြေးနေရသည်ဟု ရစ်ချဒ်ဆင်က ပြောကြားခဲ့သည်။

အသွင်ကူးပြောင်းရေးကောင်စီဖွဲ့စည်းပြီးသည်နှင့်တစ်ပြိုင်တည်း မိမိနုတ်ထွက်မည်ဟု ပြည်သူမကြိုက်သော ဝန်ကြီးချုပ်အေရီရယ်ဟင်နရီက မတ် ၁၁ ရက်တွင် ပြောကြားခဲ့ပြီးနောက် မြို့တော်ပို့အော်ပရင့်သည် ကနဦးပိုင်းတွင် ပိုမိုဆိတ်ငြိမ်သွားခဲ့သည်ဆိုသော်လည်း မတ် ၁၃ ရက်တွင် ရပ်ကွက်တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားခြင်း၊ မတ် ၁၄ ရက် စောစောပိုင်းတွင် ရဲအကယ်ဒမီ တိုက်ခိုက်ခံရခြင်းတို့နှင့်အတူ အကြမ်းဖက် မှုတို့ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

အိမ်နီးချင်း နိုင်ငံများက နယ်စပ်လုံခြုံရေးကို တိုးမြှင့်ခဲ့ကြပြီး သံရုံးဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့သည်။ ယင်းသို့သောအနေအထားတွင် ကာလရှည် စောင့်ခဲ့ရသော နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့များစေလွှတ်မည့် အစီအစဉ်သည် မရေမရာဖြစ်နေသည်။

လက်နက်ကိုင်အုပ်စုများသည် လွန်ခဲ့သော ရက်ပိုင်းတွင် ပို့အော်ပရင့်၏နေရာသစ်များထဲအထိ ချီတက်လာခဲ့သောကြောင့် ရဲတပ်ဖွဲ့သည် အခက်အခဲများကြုံနေရသည်ဟု ရစ်ချဒ်ဆင်က ပြောကြားခဲ့သည်။

“ပို့အော်ပရင့် နေရာအများအပြားက လူတွေသေနတ်ဒဏ်ရာတွေနဲ့ ရောက်လာတာကို ကျွန်တော်တို့ တွေ့နေရပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပို့အော်ပရင့်မှ လည်းကောင်း၊ တောင်ကုန်းထူထပ်သော အနီးနား ဆင်ခြေဖုံးဖြစ်သည့် ပတ်တီရွန်ဗီးလ်တို့မှလည်းကောင်း သေနတ်သံများထွက်ပေါ်လာပြီးနောက် ရစ်ချဒ်ဆင်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မတ် ၂၀ ရက်တွင် မြို့တော်ပို့အော်ပရင့်နှင့် မိုင် ၅၀ (ကီလိုမီတာ ၈၀)ဝေးသော လက်စကာဟိုဘက်စ်မြို့၌ လူဆိုးဂိုဏ်းဝင်တစ်ဦးဟု ယူဆရသူတစ်ဦးကို ဒေါသထွက်နေသော လူအုပ်ကြီးက ထောင်ထဲမှဆွဲထုတ်ကာ သတ်ဖြတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဟေတီကို လက်ရှိချမှတ်ထားသည့် လက်နက်ပိတ်ဆို့မှုများ အာဏာတည်စေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနိုင်ငံများကို တောင်းဆိုထားသည်။ ဟေတီသို့တရားမဝင်လက်နက်များ၊ ခဲယမ်းများဝင်ရောက်နေခြင်းသည် အလွန်စိုးရိမ်စရာကောင်းနေသည်ဟု လုံခြုံရေးကောင်စီက ပြောကြားခဲ့ပြီး ယင်းသို့ တရားမဝင်လက်နက် နှင့်ခဲယမ်းများဝင်ရောက်နေခြင်းက ဟေတီကို မတည်မငြိမ်ဖြစ်စေပြီး အကြမ်းဖက်မှုများ ပေါ်ပေါက်စေသည်ဟု ဆိုသည်။

“လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာဟေတီဦးဆောင်ပြီး ဟေတီကိုယ်တိုင်လုပ်ဆောင်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ်ကိုအပြည့်အဝထောက်ခံကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်”ဟု လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: AFP

 

Most Read

Most Recent