လေကြောင်းကာကွယ်ရေးစနစ်များ ထပ်မံပေးပို့ရန် ယူကရိန်းသမ္မတ ဇယ်လန်စကီးက အနောက်နိုင်ငံများကို တိုက်တွန်း

လေကြောင်းကာကွယ်ရေးစနစ်များ ထပ်မံပေးပို့ရန် ယူကရိန်းသမ္မတ ဇယ်လန်စကီးက အနောက်နိုင်ငံများကို တိုက်တွန်း
မတ် ၂ ရက်က အိုဒက်ဆာမြို့တွင် ရုရှား၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးနေသည့် လူနေအဆောက်အအုံတစ်ခုရှေ့တွင် ကယ်ဆယ်ရေးသမားများကို တွေ့ရစဉ်
မတ် ၂ ရက်က အိုဒက်ဆာမြို့တွင် ရုရှား၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးနေသည့် လူနေအဆောက်အအုံတစ်ခုရှေ့တွင် ကယ်ဆယ်ရေးသမားများကို တွေ့ရစဉ်
Published 4 March 2024

ရုရှား၏ ဒုံးကျည်၊ ဒရုန်းနှင့် လက်နက် ကြီးတိုက်ခိုက်မှုများကို အဆက်မပြတ်ခံနေရသည့် ယူကရိန်းနိုင်ငံသို့ လေကြောင်းကာ ကွယ်ရေးစနစ်များ ထပ်မံပေးပို့ရန် ယူကရိန်းသမ္မတဗိုလိုဒီမာ ဇယ်လန်စကီးက မတ် ၂ ရက်တွင်အနောက်နိုင်ငံများကို တောင်းဆိုခဲ့သည်။

ယူကရိန်း၏ အိုဒက်ဆာဆိပ်ကမ်းမြို့ တွင် ညအချိန် ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် လူ ရှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသန္တရ အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ်မြို့၊ နိုင်ငံတောင်ပိုင်း ခါဆန်မြို့နှင့် ဇာပိုရီရှား မြို့တို့တွင်လည်း သီးခြား လက်နက်ကြီး တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် လူသုံးဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ သည်။

“ရုရှားဟာ အရပ်သားတွေကို ဆက်လက်တိုက်ခိုက်နေပါတယ်”ဟု ဇယ်လန်စကီးက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့မိတ် မိတ်နိုင်ငံတွေဆီက လေကြောင်းကာကွယ်ရေးစနစ်တွေ ပိုမိုလိုအပ်နေပါတယ်။ ရုရှား ရဲ့ တိုက်ခိုက်မှုတွေရန်ကနေ ကျွန်တော်တို့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ယူက ရိန်းရဲ့ လေကြောင်းကာကွယ်ရေးကို ပိုမိုမြှင့် တင်ဖို့ လိုအပ်ပါတယ်” ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်တွင် ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ ယူကရိန်းအား အကူအညီပေးရေး အစီအစဉ်ကို အတည်ပြုရန် နှောင့်နှေးကြန့်ကြာနေချိန်တွင် ယူကရိန်းသည် နှစ် နှစ်ကျော်ကြာမြင့်လာသည့် စစ်ပွဲတွင် အင် အားလျော့နည်းလာသည်။

အိုဒက်ဆာမြို့တွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် ကိုးထပ်တိုက်အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး အိုင်ဂေါ်ကလီမန်ကိုက Telegram တွင် မတ် ၂ ရက်က ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် လူ ၁၀ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမား ၁၀၀ နီးပါးက ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဗီဒီယိုမှတ်တမ်းများတွင် လူနေအဆောက်အအုံတစ်လုံး၏ အထပ်အချို့ ပြိုကျနေပြီး အဆောက်အအုံမျက်နှာစာလည်း ပျက်စီးသွားပုံများကို မြင်တွေ့ရသည်။

အိုဒက်ဆာနှင့် ခါကိဗ်မြို့များတွင် ပစ်ချခံခဲ့ရသည့် ရုရှားဒရုန်းများသည် လူနေအဆောက်အအုံများပေါ်သို့ ပျက်ကျခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

ရုရှားသည် စစ်မြေပြင်တွင် အသာစီးရနေချိန်တွင် ယူကရိန်းကို တိုက်ခိုက်မှုများ ပိုမိုအရှိန်မြှင့်တင်ပြီး ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းကလည်း လက်ရှိတွင် စစ်သားအင်အား၊ လက်နက်အင်အားသည် ရုရှားထက်များစွာ လျော့နည်းနေပြီး လက်နက်ခဲယမ်းများပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကာ အကူအညီများလည်း နှောင့်နှေးနေကြောင်း ဝန်ခံခဲ့သည်။

အနောက်နိုင်ငံများက ကတိပြုခဲ့သည့် လက်နက်ခဲယမ်းအကူအညီစုစုပေါင်း၏ ထက်ဝက်ခန့်သည် နောက်ကျမှ ရောက်ရှိလာကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ပြီးခဲ့သည့်လက မဟာဗျူဟာကျသည့် အက်ဗ်ဒိဗ်ကာမြို့ကို သိမ်းပိုက်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျေးရွာအချို့ကိုလည်း သိမ်းပိုက်ခဲ့သည်။

မတ် ၂ ရက်က ရှေ့တန်းစစ်မြေပြင်ရှိ စစ်စခန်းများကို သွားရောက်ခဲ့သည့် ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆိုစကီးကမူ ရှေ့တန်းစစ်မြေပြင်၏ အခြေအနေသည် ခက်ခဲနေဆဲဖြစ်သော်လည်း ထိန်းချုပ်ထားနိုင် ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရန်သူတွေက ရှေ့တန်းစစ်မြေပြင်က နေရာအများအပြားမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် အက်ဗ်ဒိဗ်ကာမြို့နဲ့ ဇာပိုရီရှားဒေသတွေက တိုက်ပွဲအခြေအနေတွေဟာ ပြင်းထန်နေပါတယ်”ဟု ဆိုစကီးက ပြောကြားခဲ့သည်။                         Ref:AFP

 

Most Read

Most Recent