ဒီဘရိုင်းနားသည် ဂျရတ်၊ လမ်းပတ်၊ ဒေးဗစ်ဆေးလ်ဗားနှင့် ယာယာတိုရေးတို့ထက် ပိုကောင်းပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် အကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်ကြောင်း လီဗာပူးလ်ဂန္ထဝင် ဂျေမီရက်ပ်နက်ပ် ချီးကျူး

ဒီဘရိုင်းနားသည် ဂျရတ်၊ လမ်းပတ်၊ ဒေးဗစ်ဆေးလ်ဗားနှင့် ယာယာတိုရေးတို့ထက် ပိုကောင်းပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် အကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်ကြောင်း လီဗာပူးလ်ဂန္ထဝင် ဂျေမီရက်ပ်နက်ပ် ချီးကျူး
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 27 April 2024

 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်ဂန္ထဝင် ဂျေမီရက်ပ်နက်ပ်က မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် ပရီးမီးယားလိဂ်ဂန္ထဝင်ကွင်းလယ် ကစားသမားများဖြစ်သည့် စတီဗင်ဂျရတ်၊ လမ်းပတ်၊ ဒေးဗစ်ဆေးလ်ဗားနှင့် ယာယာ တိုရေးတို့ထက် ပိုကောင်းပြီး ပြိုင်ပွဲသမိုင်းတွင် အကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

အသက် ၃၂ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် ဧပြီ ၂၅ ရက်က ကစားခဲ့သည့် ပရီးမီး ယားလိဂ်ပွဲစဉ် ဘရိုက်တန် (၀-၄) မန်စီးတီး ပွဲ၌ ပွဲချိန် ၁၇ မိနစ်တွင် မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို ဒိုင်ဗင်ထိုးကာ ခေါင်းတိုက် သွင်းယူပေးခဲ့သည်။ ဂျေမီရက်ပ်နက်ပ်က ဒီဘရိုင်းနား၏ အဆိုပါသွင်းဂိုးကို ၂၀၁၀ ကမ္ဘာ့ဖလားပွဲစဉ် နယ်သာလန်-စပိန်ပွဲတွင် နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီ သွင်းယူခဲ့သည့် နာမည်ကျော်ခေါင်းတိုက်သွင်းဂိုးနှင့် နှိုင်းယှဉ်ပြီး ချီးကျူးခဲ့သည်။ ထို့ပြင် ဂျေမီရက်ပ်နက်ပ်က ဒီဘရိုင်းနား၏စွမ်းဆောင်မှုမှာ လက်ဖျားခါစရာဖြစ်ပြီး ၎င်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂျေမီရက်ပ်နက်ပ်က "ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကြီးကျယ်ခမ်းနားတဲ့ ကွင်းလယ်ကစားသမားအချို့ကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ စတီဗင်ဂျရတ်၊ ဖရန့်လမ်းပတ်၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ယာယာတိုရေးတို့ဟာ  ကြီးကျယ်ခမ်းနားတဲ့ ကွင်းလယ်ကစားသမားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကီဗင်ဒီဘရိုင်းနားဟာ မယုံနိုင်စရာကောင်းတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပြီး ကျွန်တော်တို့အတွက် သူဟာ ဂျရတ်၊ လမ်းပတ်၊ ဒေးဗစ်ဆေးလ်ဗား၊ ယာယာတိုရေးတို့ထက် ပိုကောင်းပြီး ပြိုင်ပွဲသမိုင်းမှာ အကောင်းဆုံးကွင်းလယ်ကစားသမားပါပဲ။ ဒီဘရိုင်းနားရဲ့ စွမ်းဆောင်မှုတွေက အံ့မခန်းပါပဲ။ ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက သူ ပေးပို့တဲ့ ဘောလုံးပေးပို့ မှုတွေဟာ ကစားသမားအများကြီး လုပ်နိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။ သူက ဂိုးတွေကို ပုံစံမျိုးနဲ့ သွင်းနိုင်သူဖြစ်ပြီး အခုလို ဒိုင်ဗင်ထိုးပြီး ခေါင်းတိုက်ဂိုးသွင်းနိုင်မယ်လို့ ကျွန်တော် လုံးဝထင်မထားပါဘူး။ ကျွန်တော်ကတော့ သူ့ကစားတာကို မြင်ရတိုင်း အံ့သြရတာချည်းပါပဲ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဂျေမီရက်ပ်နက်ပ်က ဒီဘရိုင်းနားသည် မန်စီးတီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ဖိုဒန်အတွက် စံနမူနာယူစရာကောင်းသည့် ကစားသမားဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ဘရိုက်တန်အား (၄-၀)ဂိုး ဖြင့် အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သည့် ဖိုဒန်သည် ယခုရာသီ ပရီးမီးယားလိဂ်သွင်း ဂိုး ၁၆ အထိ ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်းလည်း သိရှိရသည်။ 

ဂျေမီရက်ပ်နက်ပ်က "ဘရိုက်တန်နဲ့ပွဲ မှာ ဖိုဒန်ရဲ့ စွမ်းဆောင်မှုက အရမ်းကောင်းပါတယ်။ လုံးဝကို ဆရာကျတဲ့ စွမ်းဆောင်မှုတွေပါပဲ။ အခုအချိန်မှာ ဖိုဒန် ကစားနေတာ အရမ်းကောင်းပြီး သူ့အနေနဲ့ ပွဲကို ဖတ်နိုင်စွမ်းရှိတယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ ဖိုဒန်တို့လို လူငယ်ကစားသမားတွေအတွက် စံနမူနာယူစရာ စံပြကစားသမားတွေ ရှိနေဖို့ လိုပါတယ်။ ဖိုဒန်အနေနဲ့ ဒီဘရိုင်းနားကို နေ့စဉ်နေ့တိုင်း မြင်တွေ့ခွင့်နေရတာ အရမ်း ကံကောင်းပါတယ်။ ဖိုဒန်အနေနဲ့ ဒီဘရိုင်းနားဆီကနေ သင်ယူမယ်ဆိုတာ သေချာပါတယ်။ ဖိုဒန်အနေနဲ့ အခုလို ခြေစွမ်းပြကစားနေနိုင်တာဟာ ဒီဘရိုင်းနားဆီကနေ သင်ယူခဲ့လို့ဆိုတာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဒီဘရိုင်းနားသည် ယခုရာသီတွင် မန်စီးတီးအတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ တွင် ခြောက်ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ထားသည်။ ဖိုဒန်မှာမူ ပြိုင်ပွဲစုံ ၄၈ ပွဲတွင် ၂၄ ဂိုးအထိ သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားသည်။ 

Most Read

Most Recent