တာရီမီအားခေါ်ယူနိုင်ခဲ့ခြင်းအတွက် အင်တာမီလန်နည်းပြ အင်ဇာဂီဝမ်းမြောက်နေပြီး လာမည့်ရာသီသစ်အတွက် တိုက်စစ်မှူးများလိုအပ်သည်ဟုဆို

တာရီမီအားခေါ်ယူနိုင်ခဲ့ခြင်းအတွက် အင်တာမီလန်နည်းပြ အင်ဇာဂီဝမ်းမြောက်နေပြီး လာမည့်ရာသီသစ်အတွက် တိုက်စစ်မှူးများလိုအပ်သည်ဟုဆို
Photos: Getty Images
Photos: Getty Images
Published 8 May 2024

 

အင်တာမီလန်အသင်း၏ အီတလီလူမျိုးနည်းပြ ဆီမြွန်နီအင်ဇာဂီက ပေါ်တူဂီကလပ် ပေါ်တိုအသင်းမှ အီရန်လက်ရွေးစင်တိုက်စစ်မှူး တာရီမီအား ခေါ်ယူနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်နေပြီး လာမည့်ရာသီသစ်အတွက် တိုက်စစ်မှူးလိုအပ်သည်ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပေါ်တိုအသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် တာရီမီအား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး မကြာမီအချိန်တွင်း အပြောင်းအရွှေ့ ကို အတည်ပြုကြေညာဖွယ်ရှိကြောင်း သိရသည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ တာရီမီသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုးများစွာသွင်းယူနိုင်သူအဖြစ် ကျော်ကြားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ရာသီများအတွင်း ဥရောပထိပ်တန်း အသင်းကြီးများနှင့် အပြောင်းအရွှေ့သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။      

တာရီမီအားခေါ်ယူနိုင်ခဲ့ခြင်းအပေါ် အင်ဇာဂီက "သူ(တာရီမီ)ဟာ အ ရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာ အတွေ့အကြုံများစွာရှိသလို၊ ဂိုးတွေလည်း အများအပြားသွင်းယူထားပါတယ်။ ဒီလိုကစားသမားကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်ပဲ ပျော်ရွှင်မိပါတယ်။ ကျွန်တော်အနေနဲ့ လာမယ့်ရာသီမှာ ပိုမိုအင်အားတောင့်တင်းတဲ့အသင်းကို အလိုရှိနေပြီး ဒီအခြေအနေအတွက် တိုက်စစ်မှူးတွေ လိုအပ်ပါတယ်" ဟု DAZN နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

တာရီမီသည် ပေါ်တိုအသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၇၉)ပွဲကစားခဲ့ရာတွင် (၈၉)ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပေါ်တူဂီလိဂ်ရွှေဖိနပ်ဆု (၂)ကြိမ်အထိ ရယူနိုင်ခဲ့သူ ဖြစ်သည်။

Most Read

Most Recent