ဘာစီလိုနာအသင်းအကြောင်းကို ဘာနာဒိုဆေးလ်ဗားက မေးလေ့ရှိဟု ဂျော်အိုဖေးလစ် ပြောကြား

ဘာစီလိုနာအသင်းအကြောင်းကို ဘာနာဒိုဆေးလ်ဗားက မေးလေ့ရှိဟု ဂျော်အိုဖေးလစ် ပြောကြား
Photo: Record
Photo: Record
Published 6 April 2024

 

ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်က ပေါ်တူဂီလက်ရွေး အသင်းဖော် ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ဘာစီလိုနာအသင်းအကြောင်းကို မေးမြန်းလေ့ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား (၂၉ နှစ်) မှာ ပြီးခဲ့သည့်နှစ် နွေရာသီကတည်းက ဘာစီလိုနာအသင်း၏ ပစ်မှတ်ကစားသမားဖြစ်ပြီး ၎င်းအား မခေါ်ယူနိုင်သဖြင့် ဂျော်အိုဖေးလစ်ကို အက်သလက်တီကိုအသင်းထံမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ရသည်။ 

အားကစားသတင်းထောက် ဂျရတ်ရိုမီယို၏ Jijantes FC အစီအစဉ်တွင် ဘာနာဆေးလ်ဗားနှင့်ပတ်သက်၍ ဂျော်အိုဖေးလစ်က ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်သာ တစ်ရက်လောက် ဒေကို (ဘာစီလိုနာအားကစားဒါရိုက်တာ) ဖြစ်ခွင့်ရမယ်ဆိုရင် ဘာနာဒိုဆေးလ်ဗားကို သံသယကင်းကင်းနဲ့ ခေါ်ယူဖြစ်မှာပါ။ သူ့ကို ဘာကာဆီ ခေါ်ခွင့်ပြုမှာပါ။ သူကစားတာကို မြင်ဖူးလား။ သူက လူသားတစ်ဦးအနေနဲ့ ပိုကောင်းပါသေးတယ်။ သူက ကန်ဆယ်လိုတို့ရဲ့မျိုးဆက်က လာတာပါ။ အခုခေတ်ကစားသမားတွေက အသက် ၃၅-၃၆ နှစ်အထိ ကစားနိုင်ကြပါတယ်။ ဒီကအခြေအနေအကြောင်း၊ ရာသီဥတုနဲ့ အခွန်ကိစ္စတွေကို သူက ကျွန်တော့်ကို မေးပါတယ်။ သူဒီကိုလာဖို့ အားလုံး အဆင်ပြေတဲ့အကြောင်း ကျွန်တော်ပြောပြပါတယ်။ ဒါက မန်ချက်စတာစီးတီးအတွက်  လွယ်ကူမယ်လို့ မထင်ပါဘူး။ ယူရိုသန်း ၆၀- ၇၀ ပေးရမယ်ဆိုရင် ယူရို ၆၃ သန်းနဲ့ ကျွန်တော် သူ့ကိုခေါ်ဖြစ်မှာပါ" ဟု ဂျော်အိုဖေးလစ်က ပြောကြားခဲ့သည်။

ဘာနာဒိုဆေးလ်ဗားသည် ပြီးခဲ့သည့်နှစ် သြဂုတ်တွင် မန်စီးတီးအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသည်။

Most Read

Most Recent