သုဝဏ္ဏ မြက်ခင်းတုလေ့ကျင့်ရေးကွင်းနှစ်ကွင်းကို ပြန်လည်ပြုပြင်မည်ဖြစ်ပြီး ယခုလအတွင်း စတင်ဆောင်ရွက်ရန် MFF စီစဉ်ထား

သုဝဏ္ဏ မြက်ခင်းတုလေ့ကျင့်ရေးကွင်းနှစ်ကွင်းကို ပြန်လည်ပြုပြင်မည်ဖြစ်ပြီး ယခုလအတွင်း စတင်ဆောင်ရွက်ရန် MFF စီစဉ်ထား
Photo: MFF
Photo: MFF
Published 6 March 2024

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် သုဝဏ္ဏ မြက်ခင်းတုလေ့ကျင့်ရေးကွင်း နှစ်ကွင်းကို ပြန်လည်ပြုပြင်မည်ဖြစ်ပြီး ယခုလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

MFF သည် ပြုပြင်ရန် လိုအပ်နေသည့် လေ့ကျင့်ရေးကွင်းများကို ပြီးခဲ့သည့်နှစ်ကုန် ပိုင်းကတည်းက စတင်ပြင်ဆင်ခဲ့ပြီး သုဝဏ္ဏ ဘောလုံးကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်း ပြန်လည်ပြုပြင်ပြီးနောက် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) ပရဝုဏ်အတွင်း တည်ဆောက်ထားသည့် မြက်ခင်းတုလေ့ကျင့်ရေး ကွင်းနှစ်ကွင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သည်။ 

လေ့ကျင့်ရေးကွင်း ပြင်ဆင်မှုများကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းက အကုန်အကျခံ ဆောင်ရွက်မည်ဖြစ်ပြီး ကုန်ကျစရိတ် ကျပ်သိန်း ခြောက်ထောင်ဝန်းကျင်ရှိမည်ဖြစ်ကြောင်း သိရသည်။ သုဝဏ္ဏ မြက်ခင်းတုလေ့ ကျင့်ရေးကွင်း တည်ဆောက်ထားသည့်ကာလ  ကြာမြင့်နေပြီဖြစ်ပြီး ပြုပြင်ရန်လိုအပ်လာသဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူပြင်ဆင်ခြင်းဖြစ်သည်။

သုဝဏ္ဏမြက်ခင်းတုလေ့ကျင့်ရေးကွင်းကို အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) မှ ကစားသမားများ၏ လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုလျက်ရှိသလို ကလပ်အသင်းများ၏ လေ့ကျင့်ရေးကွင်းအဖြစ်လည်း အသုံးပြုလျက်ရှိသည်။ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြင်းထန်စွာဖြစ်ပွားသည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ရောဂါကုသရေးအဆောင်များ တည်ဆောက်ခဲ့သဖြင့် ကွင်း မြက်ခင်းပြင်ပျက်စီးမှုများရှိခဲ့ပြီး လေ့ကျင့်ရန် အဆင်မပြေတော့သဖြင့် ပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်။

သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၅ ကို အကြီးစားပြုပြင်မှု ပြီးစီးခဲ့သဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းအပါအဝင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ လေ့ကျင့်မှု ပြုလုပ်နိုင်နေပြီဖြစ်ကြောင်း သိရသည်။ သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၅ ပြုပြင်မှုအတွက် ကျပ်သိန်း ၁၅၀၀ ကုန်ကျခဲ့ပြီး ရေစီးရေလာမကောင်းသဖြင့် ရေမြောင်းများပြင်ဆင်ခြင်း၊ ရေဖြန်းစနစ်အတွက် ခေတ်မီစက်ကရိယာ တပ်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent