ဝိုင်းမော် မြို့စွန် ရပ်ကွက်အချို့နှင့် အနီးဝန်းကျင်ကျေးရွာမှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်

ဝိုင်းမော် မြို့စွန် ရပ်ကွက်အချို့နှင့် အနီးဝန်းကျင်ကျေးရွာမှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်
Published 21 May 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့စွန် ရပ်ကွက် အချို့နှင့် အနီးဝန်းကျင်ကျေးရွာမှ ဒေသခံ ထောင်နှင့်ချီ မေလ ၂၁ ရက် နံနက်ပိုင်းကတည်းက  ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဝိုင်းမော်မြို့ နောင်ဟီး၊ စန်းကား၊ ခလရ ၅၈ တပ်ရင်းအနီးရှိ မဒိန်၊ ခါ့ကွမ်၊ လဘန် ကျေးရွာများကို  KIA အဖွဲ့က မေလ ၂၁ ရက် နံနက် ၁၀ နာရီ နောက်ဆုံးထား ရွေ့ပြောင်းရန် ပြောကြားလာသဖြင့် ထွက်ပြေး နေကြကြောင်း ထွက်ပြေးနေကြသူများက ဆိုသည်။

'' အများစုက နောင်းချိန်ဘက်ပြေးတယ်။ အဲဒီဘက်ကို ပြေးဖို့လည်း ပြောနေတယ်။ အများစုက မြစ်ကြီးနားဘက်ပြေးတယ်။ နယ်စပ်ဘက် ဆဒုံးဘက် ပြေးတဲ့သူတွေလည်း ရှိတယ်။ တချို့လည်း မပြေးတတ်တော့ ဖုန်းတွေဆက်ပြီးလမ်းဘေးမှာပဲ''ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မေ ၁၈ရက်ကတည်းက ဝိုင်းမော်မြို့ အနီးဝန်းကျင်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်တို့ပစ်ခတ်များ ဖြစ်ပွားပြီး မေလ ၂၀ ရက်နေ့တွင် ခတ်ချိုကျေးရွာ ကွက်သစ်အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသဖြင့် အရပ်ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားခြောက်ဦးသေဆုံးပြီး  ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် မြစ်ကြီးနားနှင့် ဧရာဝတီ မြစ်ကူးဆိပ်များဖြစ်သည့် ခတ်ချို၊မခန္တီး၊နောင်ဟီး စက်လှေဆိပ်များကိုမေလ ၂၀ ရက် ညနေပိုင်းက ပိတ်ထားကြောင်း သိရသည်။

မေလ ၂၁ ရက် ညနေပိုင်းတွင် ဝိုင်းမော် ရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ပစ်ခတ်သည့် ဗုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံများက ဆိုသည်။

Most Read

Most Recent