■ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုဖြစ်စဉ်ကြောင့်ပျံလွန်တော်မူပြီး သုံးရက်အကြာတွင် မြင်းခြံမြို့၌ ပရဟိတယာဉ်တစ်စီး ဝိုင်းဝန်းပစ်ခတ်ခံရမှုဖြစ်ပွားကာ သံဃာတော်တစ်ပါး ထပ်မံပျံလွန်တော်မူ

■ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုဖြစ်စဉ်ကြောင့်ပျံလွန်တော်မူပြီး သုံးရက်အကြာတွင် မြင်းခြံမြို့၌ ပရဟိတယာဉ်တစ်စီး ဝိုင်းဝန်းပစ်ခတ်ခံရမှုဖြစ်ပွားကာ သံဃာတော်တစ်ပါး ထပ်မံပျံလွန်တော်မူ
■ ပုံစာ ဝမ်းတွင်းမြို့နယ်တွင် ဆွမ်းစားနေစဉ် ဆရာတော်တစ်ပါးသေနတ်ဖြင့်လုပ်ကြံပစ်သတ်ခံရသည့် သတင်းဖော်ပြမှုနှင့် သုံးနှစ်ခွဲခန့်ကာလအတွင်း သံဃာတော်များ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုဖြစ်စဉ် သတင်းဖော်ပြခဲ့မှုများအား တွေ့ရစဉ်
■ ပုံစာ ဝမ်းတွင်းမြို့နယ်တွင် ဆွမ်းစားနေစဉ် ဆရာတော်တစ်ပါးသေနတ်ဖြင့်လုပ်ကြံပစ်သတ်ခံရသည့် သတင်းဖော်ပြမှုနှင့် သုံးနှစ်ခွဲခန့်ကာလအတွင်း သံဃာတော်များ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုဖြစ်စဉ် သတင်းဖော်ပြခဲ့မှုများအား တွေ့ရစဉ်
Published 23 June 2024

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုဖြစ်စဉ်ကြောင့် ပျံလွန်တော်မူပြီး သုံးရက်အကြာတွင် မြင်းခြံမြို့၌ ဇွန် ၂၂ ရက်ညပိုင်းက လူနာပို့ပြီး ပြန်လာသည့် ပရဟိတယာဉ်တစ်စီး အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဆခမကျေးရွာကျောင်းဆရာတော် ပျံလွန်တော်မူခဲ့ကာ

ယာဉ်ပေါ်တွင် အတူပါလာသည့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။





အဆိုပါ ဆခမကျေးရွာကျောင်းဆရာတော်သည် ကျေးရွာမှ ရပ်ရွာပရဟိတမော်တော်ယာဉ်အား ကိုယ်တိုင်မောင်းနှင်ကာ လူနာကို ပို့ဆောင်ပြီးနောက် ပြန်လာစဉ် ဇွန် ၂၂ ရက်ည ၉ နာရီခွဲဝန်းကျင်တွင် မြင်းခြံမြို့ ၁၈ ရပ်ကွက် အထွက်နေရာအရောက်တွင် ကွမ်းစိုက်ရွာသား မိုက်မိုက်ခဲ ဦးဆောင်သည့် PDF Black Tiger အဖွဲ့က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့မှုအတွင်း ပျံလွန်တော်မူခဲ့သည်ဟု လူမှုကွန်ရက်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီး အဆိုပါဒေသတွင်ရှိသော ဒေသခံ၏ ပြောကြားချက်အရ ယင်းဖြစ်စဉ်ဖြစ်ပွားမှုမှန်ကန်ကြောင်း Eleven Media Group က စုံစမ်းသိရှိရသည်။



ဆရာတော် ဦးဥတ္တမသည် သက်တော်(၅၀) ဝါတော်(၁၂)ရှိပြီဖြစ်ကြောင်းသိရပြီး ၎င်းကိုယ်တိုင် ပုညကာရီလူနာတင်ကားကိုမောင်းနှင်ပြီး လူနာအားဆေးရုံသို့ ပို့ပြီးအပြန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကာ ဆရာတော်၏ ဦးခေါင်းကိုထိမှန်ပြီး သေနတ်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကာ အတူလိုက်ပါလာသည့် ဦးအောင်မျိုးသောင်းဆိုသူမှာ ခြေသလုံးနှင့်နားတွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး PDF Black Tiger အဖွဲ့ကမူ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထုတ်ပြန်ထားသည်။



ယခုကဲ့သို့ မြင်းခြံတွင် သံဃာတစ်ပါးသတ်ဖြတ်ခံရမှုဖြစ်စဉ်အပါအဝင် ၂၀၂၁ ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်စဉ်များနှင့် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာတော်အပါး ၁၄၀ ခန့် ပျံလွန်တော်မူခဲ့ရပြီး သင်းအုပ်ဆရာတစ်ဦးလည်း သေဆုံးခဲ့သည်။

ပဋိပက္ခဖြစ်စဉ်နှင့် သတ်ဖြတ်မှုများအတွင်း သံဃာ ၁၀၀ ကျော်နှင့် သင်းအုပ်ဆရာတစ်ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း အချက်အလက်များအရမူ အခြားသော ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်များ မရှိသည်ကိုတွေ့ရသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့်

ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာဦးရေသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်မျှသာရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသောစွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှုများကြောင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။



ထိုကဲ့သို့သော ရဟန်းသံဃာတော်များ လုပ်ကြံသတ်ဖြတ်မှုအများစုသည် PDF အဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များကြောင့်ဖြစ်ပြီး ယင်းကဲ့သို့ ရဟန်းသံဃာတော်များ လုပ်ကြံသတ်ဖြတ်မှုများ၊ အကြမ်းဖက်ခံရမှုများနှင့်ပတ်သက်၍ NUG အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ INGO၊ NGO များ၊ လက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်စုံတစ်ရာထုတ်ပြန်ခြင်း၊ ဝမ်းနည်းကြောင်းဖော်ပြခြင်းမရှိခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် မဟန အဖွဲ့စသော ဘာသာရေးဆိုင်ရာအဖွဲ့အစည်းအချို့အနေဖြင့်လည်း ရဟန်းသံဃာတော်များ သတ်ဖြတ်ခံရမှု၊ အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။





အလားတူ နိုင်ငံတကာမှ မီဒီယာများ၊ Exlie မီဒီယာများအနေဖြင့်လည်း သံဃာတော်များ ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်၍ သတင်းဖော်ပြမှုများ မရှိသလောက်နည်းပါးသည်ကို တွေ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုအတွင်း ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးဖြစ်စဉ် ဖြစ်ပေါ်သည့်အချိန်မှပင် သတင်းဖော်ပြမှုများနှင့် အတိုက်အခံအဖွဲ့အစည်းအများစုကလည်း ဝမ်းနည်းကြောင်းနှင့် သဘောထားထုတ်ပြန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြသည်ကို တွေ့ရသည်။



ရဟန်းသံဃာတော်များအား လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များထဲတွင် သက်တော်အကြီးဆုံးအဖြစ် သက်တော် ၉၃ နှစ်အရွယ်ဆရာတော်ကဲ့သို့ သက်ကြီး ဝါကြီး သံဃာတော်များပါဝင်ခြင်း၊ သံဃာအချို့မှာ ဦးခေါင်းဖြတ်၍ လုပ်ကြံသတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ ဆွမ်းစားနေစဉ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရခြင်း အစရှိသော ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပါဝင်ခဲ့သည်ကို Eleven Media Group ၏ စုံစမ်းစိစစ်သတင်းဖော်ပြမှုများအရ သိရသည်။



အဆိုပါဖြစ်စဉ်များအနက် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် အင်းယင်းကျေးရွာအုပ်စု သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်းဆရာတော် ဥူးသုမနသည် ၂၀၂၁ နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်က ဆွမ်းစားဆောင်တွင် အခြားသံဃာတော်သုံးပါးဖြင့် ဆွမ်းစားနေစဉ် PDF တစ်ဦးက ဆိုင်ကယ် ဖြင့်ရောက်လာပြီး ဆရာတော်၏ ဦးခေါင်းကို ပစ်ခတ်ခဲ့သဖြင့် ဆရာတော်မှာ အခင်းဖြစ်နေရာတွင်ပင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည်။



ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် အင်ဒူးကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအန္ဒြိယသည် အသက်အကြီးဆုံး လုပ်ကြံသတ်ဖြတ်ခံရသည့် သံဃာတော်ဖြစ်ပြီး သက်တော် ၉၃ နှစ်အရွယ်၊ ဝါတော် (၇၂) ဝါရှိသည်။ အင်ဒူးကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်

ဘဒ္ဒန္တအန္ဒြိယသည် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်နံနက်ပိုင်းတွင် အကြမ်းဖက်သူများက ဘုန်ကြီးကျောင်းအတွင်း ဝင်ရောက်၍ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်ခြင်းခံခဲ့ရသဖြင့် ဆရာတော်တွင် ဦးခေါင်းငယ်ထိပ် ပြတ်ရှဒဏ်ရာများနှင့် ဝဲပါးပြတ်ရှဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ရသည်။ အင်ဒူးကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ်အတွင်း အဆိုပါဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်သူ ဦးမောင်စော (၆၂)နှစ်သည်လည်း ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။





ထို့ပြင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာအတွင်းက စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ခန်းနေဆရာတော် ဥူးကောဏ္ဍညအား PDF များက လုပ်ကြံသတ်ဖြတ်ရာတွင် ဆရာတော်သည် သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဦးခေါင်းဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းကြီး ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ခန်းနေဆရာတော် ဥူးကောဏ္ဍည သက်တော်(၅၀)နှစ် ဝါတော်(၂၀)ဝါ သည် ဆားတောင်မြို့ပေါ်ရပ်ကွက်များသို့ ဆွမ်းခံရန်အတွက် ဘုန်းကြီးကျောင်းပိုင် Hijet မော်တော်ယာဉ်ဖြင့် ထွက်ခွာစဉ် ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်အရောက်မှာ PDF ၁၅ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဦးခေါင်းအားဖြတ်၍ အဆိုပါကျောင်းရှေ့လမ်းမပေါ်တွင် ထားခဲ့ခြင်းဖြင့် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။



အလားတူ ၂၀၂၂ ဇန်နဝါရီအတွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဥသျှစ်ကုန်းကျေးရွာ ပန်းကုန်းသာတောတိုက်ရှိ ပန်းကုန်းသာဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ သက်တော်(၅၅) နှစ်၊ ဝါတော်(၂၂)ဝါသည် အဆိုပါ ဘုန်ကြီးကျောင်း၏ အနောက်ဘက်နှစ်ဖာလုံခန့်အကွာ

လယ်ကွက်အတွင်း၌ ဓါးဖြင့်ခုတ်၊ မီးဖြင့်ရှို့၍ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ခန္ဓာကိုယ်အပေါ်ပိုင်း ဓါးဒဏ်ရာများနှင့် အောက်ပိုင်းတွင် မီးရှို့ခံထားရသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူရခဲ့သည်။



ထိုကဲ့သို့ပင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၄ ရက်တွင်လည်း ဗန်းမောက်မြို့နယ်၊ နောင်ပတ်ရွာ၌ သီတင်းသုံးနေသည့် ရှမ်းနီဆရာတော် ဦးဂန္ဓမာကို KIA နှင့် PDF များက နန့်ဆရွာအနီးသို့ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်မြှုပ်နှံခြင်းခံခဲ့ရသည်။အဆိုပါ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်တွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ် (SYNO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂ၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗန်းမြောက်မြို့နယ်)၊ ဗန်းမော်ခရိုင်ရှမ်းနီလူငယ်အဖွဲ့၊ ဖားကန့်မြို့နယ် ရှမ်းနီလူငယ်ကွန်ရက်၊ ရှမ်းနီအမျိုးသားညီညွတ်ရေး အစည်းအရုံးအပါအဝင် ရှမ်းနီအရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့ကသာ KIA နှင့် PDF အဖွဲ့များကို ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။





၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် အင်းတော်မြို့နယ် ပင့်တင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဉာဏိက (သက်တော် ၅၃ နှစ်) ( ဝါတော် ၃၃ ဝါ) အား KIA အဖွဲ့ဝင်များ နှင့် PDF များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီတွင် ပင်ငယ်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကား လမ်းဘေးလယ်တောစပ်၌ ဆရာတော်အား ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာနှစ်ချက်ဖြင့် ပုပ်ပွပြီး ပျံလွန်တော်မူလျက် ပြန်လည်တွေ့ရှိခဲ့သည်။



အလားတူ ၂၀၂၃ စက်တင်ဘာ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် မင်းကျိုင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်ဥူးဝေပုလ္လ (သက်တော် ၃၇ နှစ်၊ ဝါတော် ၁၇ ဝါ)အား KNU နှင့် PDF အဖွဲ့အင်အား ခြောက်ဦးရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာအနောက်ဘက်ရှိ မင်းကျိုင်း-ကြိမ်တောမြောင်းသွားလမ်းအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဆရာတော် ဥူးဝေပုလ္လတွင် နဖူးကျည်ထိမှန်ပွင့်ထွက်ဒဏ်ရာတစ်ချက်၊ လည်ပင်းကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ဝဲပုခုံးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် တို့ရရှိကာ ပျံလွန်တော်မူခဲ့သည်။



ယင်းအပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက် ညပိုင်းက ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးကုမာရ (သက်တော် ၇၃ နှစ်)၊ (ဝါတော် ၅၃ ဝါ)သည် ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေစဉ် ထန်းပင်ချောင်းကျေးရွာဘက်မှ PDF များရောက်ရှိလာပြီး ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏ အရှေ့တောင်ဘက်နှစ်ဖာလုံခန့်အကွာရှိ ဇရပ်အနီးရောက်၌ သတ်ဖြတ်ခဲ့သဖြင့် ဆရာတော် ဥူးကုမာရတွင် လည်ပင်း ပြတ်ရှဒဏ်ရာတစ်ချက်၊ နှုတ်ခမ်းဖူးရောင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့သည်။



ထို့ပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလှကျေးရွာရှိ စဉ့်အိုးလှဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်လျက်ရှိသည့် ဆရာတော် ဥူးသုဇာတ(ခ) ဦးသိန်းဇော် (၆၀ နှစ်၊ ဝါတော် ၂၅ ဝါ)အား KNU နှင့် PDF များက ဘုန်ကြီးကျောင်းသို့ လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်မှုများကြောင့် ဆရာတော် ဥူးသုဇာတသည် ဝဲလည်ပင်းမှ ယာပါးကျည်ဖောက်ထွက် ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ပွန်းခြစ်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ရသည်။





ထို့ပြင် ၂၀၂၄ ခုနှစ် မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ကင်မွန်းချောင်းကျေးရွာအနီးရှိ ကျောက်ဖြူတောင်ကျောင်း (ဘောဂဝတီရွှေကျောင်း) တွင် တစ်ပါးတည်းသီတင်းသုံးနေသည့် ဝါတော် ၁၈ ဝါရှိ ဆရာတော် ဥူးစန္ဒိမာသည် ကင်မွန်းချောင်းကျေးရွာရှိ စင်တော်လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ပြီး ပြန်လည်ထွက်ခွာရန် ဆိုင်ကယ်ပေါ်တက်နေစဉ် PDF နှစ်ဦးက ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး ပျံလွန်တော်မူခဲ့သည်။



အလားတူ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီခန့်က ထားဝယ် - ရေး ကားလမ်း၊ ရေဖြူမြို့နယ် နှမ်းကျဲကျေးရွာအနီးတွင် ရေဖြူမြို့နယ် ရာဖူးရွာသစ် ဗုဒ္ဓသာသနရက္ခိတကျောင်းတိုက်မှ မော်တော်ယာဉ် ပစ်ခတ်ခံရသဖြင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး အမျိုးသမီး တစ်ဦးသေဆုံးကာ လူခြောက်ဦး ထိခိုက်ဒဏ် ရာများရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဖြူမြို့နယ် ရာဖူးရွာသစ် ဗုဒ္ဓသာသနရက္ခိတကျောင်းတိုက်မှ မော်တော်ယာဉ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (YPPDF) က အနူးအညွတ်ဝန်ချတောင်းပန်ကြောင်း ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ ၉ ရက်တွင် YPPDF အမည်ရှိ ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ချက်တစ်စောင် တင်ထားခဲ့သည်။





အလားတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက် ညပိုင်းကလည်း ပုလောမြို့နယ်အတွင်း မြိတ် - ထားဝယ်ကားလမ်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့ သဘာဝတရားရိပ်သာမှ သံဃာတော်နှစ်ပါး၊ သာသနာ့နွယ်ဝင် သီလရှင် သုံးပါး၊ ဒါယကာ/ဒါယိကာမ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၁၆ ဦး လိုက်ပါ လာသည့် Hi Ace အမျိုးအစား မော်တော်ယာဉ်နှစ်စီးမှာ ပုလောမြို့နယ် ကဒဲကျေးရွာ လမ်းဆုံအနီးတွင် PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရပြီး ယာဉ်ပေါ်လိုက်ပါလာသည့် သံဃာတော်တစ်ပါး ပျံလွန်တော်မူကာ လူသုံးဦး သေနတ်ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။



လုပ်ကြံသတ်ဖြတ်ခံရမှုများတွင် သီလရှင်ဆရာကြီးနှစ်ပါးလည်း ပါဝင်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ဝက်ကျုံးကျေးရွာ ဇောတိကာရုံးကျောင်းတိုက်(မြောက်)ကျောင်းဝင်းအတွင်း ဘုန်းတော်ကြီးကျောင်းဆောင်ဘေးရှင် အဖီတဲတွင် ဒေါ်နန္ဒသီရိ(ခ)ဒေါ်ထွေးကြည်(သက်တော် ၅၇ နှစ်၊ ဝါတော် ၁၅ ဝါ)သည် တစ်ပါးတည်းရှိနေစဉ် PDF များရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် နဖူးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည်။



ထို့အတူ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်က စက်တင်လာလအတွင်း သက်တော် ၆၄ နှစ်အရွယ်ရှိ ဒေါ်နန္ဒစာရီနှင့် လူပုဂ္ဂိုလ် ခြောက်ဦးသည် ဒလန်စွပ်စွဲချက်ဖြင့် PDF အဖွဲ့များက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့သည်။



၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်း ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားပြီးနောက် သေဆုံးခဲ့သည့် သာသနာဆိုင်ရာပုဂ္ဂိုလ်များထဲတွင် သံဃာတော်များအပြင် သင်းအုပ်ဆရာတစ်ဦး ကွယ်လွန်ခဲ့သည့်ဖြစ်စဉ်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာအတွင်း ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပဋိပက္ခဖြစ်စဉ်အတွင်း ထန်တလန်ရာပြည့်နှစ်ခြင်း ခရစ်ယာန် အသင်းတော် သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း ကျည်ထိမှန်ကွယ်လွန်ခဲ့သည့်ဖြစ်ရပ်ဖြစ်သည်။ အဆိုပါ သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း ကွယ်လွန်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ နစကနှင့် အတိုက်အခံအဖွဲ့များအကြား အပြန်အလှန် စွပ်စွဲထုတ်ပြန်မှုများရှိခဲ့သည်။



PDF အဖွဲ့များ၏ သတ်ဖြတ်တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ ၁၄၀ ပါး၊ သီလရှင်နှစ်ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့ကြောင်း နစက က ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပစ်ခတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်

နယ်မြေအခြေအနေများကို ဇွန် ၂၁ ရက်တွင် ရှင်းလင်းရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပဋိပက္ခများအတွင်း နှစ်ဖက်စာရင်းများအရ ပျံလွန်တော်မူခဲ့သည့် သာသနာ့ တာဝန်ထမ်းဆောင်နေကြသော သံဃာတော် ၁၄၀ ခန့်အပါအဝင် အရပ်သားသေဆုံးမှုသည် တစ်သောင်းကျော်ထိရှိပြီဖြစ်ကြောင်းသိရသည်။

Most Read

Most Recent