ကုမ္ပဏီအနေဖြင့် ငွေရေးကြေးရေအရှုပ်အရှင်းများ မရှိသည့်အပြင် ဘဏ်ချေးငွေကိစ္စများနှင့်လည်း ဥပဒေအရ ရင်ဆိုင်ဖြေရှင်းရခြင်းမျိုး လုံးဝမရှိကြောင်း ကိုကြည်သာဟန် ပိုင်ဆိုင်သည့် Amazing Auto ကုမ္ပဏီက ထုတ်ပြန်သည်။
အဆိုပါကုမ္ပဏီနှင့် ပတ်သက်သည့် သတင်းများမှာ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီဘက်က တုံ့ပြန်ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။
Amazing Auto Co.,Ltd အနေဖြင့် ကောလဟာလများထွက်ပေါ်နေသည့်အတိုင်း မည်သည့် BOD, Director များကိုမှ ငွေရေးကြေးရေးအရှုပ်အရှင်းများနှင့် ပတ်သက်၍ ပေးရန်ကျန်ရှိခြင်း လုံးဝမရှိကြောင်း၊ Bank ချေးငွေကိစ္စများနှင့်လည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရခြင်းမျိုး လုံးဝ မရှိကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်သည်။
ထို့ပြင် Amazing Auto Co.,Ltd သည် တရားဝင်ဖွဲ့စည်းထားသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး EV လုပ်ငန်းများကိုလည်း လုပ်ငန်းစဉ်နှင့်အညီ လုပ်ဆောင်နေသော တရားဝင် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ Amazing Auto Co.,Ltd နှင့်ပတ်သက်၍ Social Media တွင် မဟုတ်မမှန်ရေးသားဖော်ပြခြင်း၊ မဟုတ်မမှန်သတင်းများအား ဖြန့်ဝေခြင်းမပြုလုပ်ကြရန်နှင့် အကယ်၍ မဟုတ်မမှန်သတင်းများအား ဆက်လက်ရေးသားနေခြင်း၊ ဖြန့်ဝေထားခြင်းများအား Social Media ပေါ်တွင် ဖြုတ်ချခြင်းမပြုလုပ်ပါက တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။
Amazing Auto Co.,Ltd အနေဖြင့် EV လျှပ်စစ်ကားများဖြစ်သည့် Dayun EV နှင့် တိုယိုတာ EV များကို တင်သွင်းကာ ရောင်းချလျက်ရှိသည်။
Amazing Auto Co.,Ltd နှင့် KL Seven Company Limited ကုမ္ပဏီများကို ဦးဆောင်လုပ်ကိုင်လျက်ရှိသည့် ကိုကြည်သာဟန်မှာ ငွေကြေးကိစ္စများ၊ EV ကားတင်သွင်းခြင်းနှင့် ပတ်သက်သည့် ကိစ္စများ အစရှိသည်တို့ကြောင့် လတ်တလောတွင် ထိန်းသိမ်းခံထားရသည်ဟု ကားလောကတွင် ထွက်ပေါ်လျက်ရှိသည့် သတင်းများအရ သိရသည်။