ရုရှားတပ်ဖွဲ့များ၏ မြေပြင်တိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ ခါကိဗ်ဒေသတွင်နေထိုင်သည့် ဒေသခံ ၁၀၀၀၀ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

ရုရှားတပ်ဖွဲ့များ၏ မြေပြင်တိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ ခါကိဗ်ဒေသတွင်နေထိုင်သည့် ဒေသခံ ၁၀၀၀၀ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ
မေ ၁၇ ရက်က ခါကိဗ်ဒေသမှ ဘေးလွတ်ရာထွက်ပြေးလာကြသူများကို ယူကရိန်းအရေးပေါ် ဌာနမှ တာဝန်ရှိသူများက ကူညီပေးနေစဉ်
မေ ၁၇ ရက်က ခါကိဗ်ဒေသမှ ဘေးလွတ်ရာထွက်ပြေးလာကြသူများကို ယူကရိန်းအရေးပေါ် ဌာနမှ တာဝန်ရှိသူများက ကူညီပေးနေစဉ်
Published 19 May 2024

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ခါကိဗ်ဒေသတွင် မေ ၁၀ ရက်က ရုရှားတပ်ဖွဲ့များ၏ မြေပြင် တိုက်ခိုက်မှုများစတင်ခဲ့ပြီးကတည်းက ထိုဒေသတွင်နေထိုင်သည့် ဒေသခံ ၁၀၀၀၀ နီးပါးသည် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်ဟု ခါကိဗ်ဒေသအုပ်ချုပ်ရေးမှူးက မေ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ရုရှား၏ ကျယ်ပြန့်သည့် ထိိုးစစ်တစ်ခု၏ ပထမလှိုင်းတစ်ခုသာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

“ရုရှားရဲ့ ထိုးစစ်စတင်ပြီး တစ်ပတ်ကျော်အတွင်းမှာပဲ လူပေါင်း ၉၉၀၇ ဦးကို ဘေးလွတ်ရာရွှေ့ပြောင်း ပေးခဲ့ပါတယ်“ဟု အုပ်ချုပ်ရေးမှူး အိုလက် ရှနီဂူဘော့ဗ်က ပြောကြားခဲ့သည်။

ရုရှားစစ်သားများသည် အရှေ့မြောက်ပိုင်း နယ်စပ်တစ်လျှောက် သုံးမိုင်မှ ခြောက်မိုင်အထိ ချီတက်ဝင်ရောက်ခဲ့ချိန်တွင် ဒေသခံများ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့များက ရုရှားစစ်သားများကို ရပ်တန့်စေရန် တိုက်ခိုက်ခဲ့သည်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များသည် ညအချိန်တွင် နယ်မြေကို ချိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းသည့် ရုရှားတပ်များ၏ အားထုတ်ကြိုးပမ်းမှုနှစ်ခုကို တွန်းလှန်ခဲ့ကြောင်း ရှနီဂူဘော့ဗ်က ပြောကြားခဲ့သည်။

အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့များသည် တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ယူကရိန်းသမ္မတ ဇယ်လန်စကီးကလည်း မေ ၁၇ ရက်က အေပီသတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ရုရှား၏ထိုးစစ် အရှိန်မြင့်လာဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

စစ်စည်းရုံးရေးဥပဒေသည် မေ ၁၈ ရက်တွင် အသက်ဝင်လာမှုနှင့်အတူ ယူကရိန်းစစ်တပ်အတွင်း စစ်မှုထမ်းအင်အားနှင့် စိတ်ဓာတ်အင်အားပိုင်းတွင် ပြဿနာအချို့ရှိနေကြောင်း ၎င်းက ဝန်ခံခဲ့သည်။

ယူကရိန်းစစ်ပွဲသည် နှစ်နှစ်ကျော်ကြာမြင့်လာချိန်တွင် ယူကရိန်းစစ်တပ်၏ လူအင်အားနှင့် လက်နက်အင်အားမှာ လျော့နည်းလာခဲ့သည်။

မကြာသေးမီလများအတွင်းက ရုရှားစစ်သားများသည် ယူကရိန်း၏နယ်မြေများကို တစ်ဆင့်ချင်းစီ ထိန်းချုပ်နိုင်ခဲ့ပြီး မေ ၁၀ ရက်က ခါကိဗ်ဒေသတွင် စတင်သည့် ထိုးစစ်တွင် ယူကရိန်းအရှေ့မြောက်ဘက် နယ်စပ်ဒေသတစ်လျှောက် ကြီးမားသည့်နယ်မြေများကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် ယူကရိန်းသည် ၎င်း၏ ခံစစ်စည်းများကို ထိန်းထားနိုင်ခဲ့ပြီး ရုရှားအားကြီးမားသည့် အောင်မြင်မှုမရရှိစေရန် ဟန့်တားမည်ဖြစ်ကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။

မဟာမိတ်နိုင်ငံများအနေဖြင့် အကြီးစား လေကြောင်းကာကွယ်ရေးနှင့် တိုက်လေယာဉ်များကို ပိုမိုထောက်ပံ့ပေးရန် ဇယ်လန်စကီးက ထပ်တလဲလဲ တိုက်တွန်းခဲ့ပြီး ရုရှား၏ နယ်နိမိတ်ကို တိုက်ခိုက်ရာတွင် ယူကရိန်းသည် အနောက်နိုင်ငံများက ထောက်ပံ့ပေးထားသည့် လက်နက်များကို အသုံးပြုခွင့်ပိတ် ပင်ခံထားရခြင်းက ရုရှားအတွက် အကြီးမားဆုံး အားသာချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသည် မေ ၉ ရက်မှ ၁၅ ရက်အတွင်း ယူကရိန်း၏ နယ်နိမိတ် ၂၇၈ စတုရန်း ကီလိုမီတာ(၁၀၇ စတုရန်းမိုင်)ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ပွဲလေ့လာရေး အင်စတီကျု (ISW) မှထုတ်ပြန်ခဲ့သည်။

                                               Ref:AFP

Most Read

Most Recent