နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေမှုကို ကုစားရန် အီတလီဝန်ကြီးချုပ် မယ်လိုနီ တရုတ်သမ္မတရှီကျင်းပင်နှင့် ပေကျင်းတွင် တွေ့ဆုံ

နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေမှုကို ကုစားရန် အီတလီဝန်ကြီးချုပ် မယ်လိုနီ တရုတ်သမ္မတရှီကျင်းပင်နှင့် ပေကျင်းတွင် တွေ့ဆုံ
ဇူလိုင် ၂၉ ရက်က ပေကျင်းရှိ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တရုတ်သမ္မတရှီကျင်းပင်(ယာ-ဒုတိယ)နှင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (ဝဲ-တတိယ)တို့ တွေ့ဆုံစဉ်(Photo: AFP)
ဇူလိုင် ၂၉ ရက်က ပေကျင်းရှိ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တရုတ်သမ္မတရှီကျင်းပင်(ယာ-ဒုတိယ)နှင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (ဝဲ-တတိယ)တို့ တွေ့ဆုံစဉ်(Photo: AFP)
Published 30 July 2024

ယမန်နှစ်နှောင်းပိုင်းက တရုတ်၏ အကြီးစား စီမံကိန်းဖြစ်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းမှ အီတလီ နုတ်ထွက်ခဲ့ခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေမှုကို ပြန်ကုစားမည်ဟု အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက ကတိပြုခဲ့ပြီးနောက် ဇူလိုင် ၂၉ ရက်က ပေကျင်းတွင် တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံခဲ့သည်။

မယ်လိုနီသည် လွန်ခဲ့သော နှစ်နှစ်နီးပါးက ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူပြီး နောက်ပိုင်းတရုတ်သို့ ပထမဆုံးသွားရောက်သည့် ခရီးစဉ်အဖြစ် ဇူလိုင် ၂၇ ရက်က ပေကျင်းသို့ ရောက်ရှိလာခဲ့သည်။

မယ်လိုနီသည် ဇူလိုင် ၂၉ ရက်က ပေကျင်းရှိ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် သမ္မတရှီနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဇူလိုင် ၂၈ ရက်က ဝန်ကြီးချုပ်လီချန်နှင့် တွေ့ဆုံစဉ် မယ်လိုနီက ၎င်း၏ခရီးစဉ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဟန်ချက်ညီညီဖြင့် နှစ်ဦးနှစ်ဖက်အကျိုး ရှိစေရန် အလေးအနက်အကောင်အထည် ဖော်မည့်သုံးနှစ်တာ လုပ်ငန်းစီမံချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

အီတလီသည် တရုတ်၏ရပ်ဝန်းနှင့်ပိုး လမ်းမစီမံကိန်းတွင် ပါဝင်ခဲ့သည့် တစ်ခုတည်းသော ဂျီ ၇ နိုင်ငံဖြစ်သော်လည်း မယ်လိုနီ၏ အစိုးရလက်ထက်တွင် ယင်းစီမံကိန်းမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းတွင် ပါဝင်ခြင်းသည် မှားယွင်းမှုတစ်ခု ဖြစ်သည်ဟု မယ်လိုနီက ဝန်ကြီးချုပ်မဖြစ်မီကပင် ပြောကြားခဲ့သည်။ ၎င်းစီမံကိန်းသည် တရုတ်၏သြဇာကို ပင်လယ်ရပ်ခြားသို့ ဖြန့်ကြက်လွှမ်းမိုးနိုင်ရန် သမ္မတရှီ ကျင်းပင်၏ ကြိုးပမ်းအားထုတ်မှုများအတွက် အဓိကထောက်တိုင်ဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် မယ်လိုနီ၏ အစိုးရသည် အမေရိကန်ပြီးလျှင် ဥရောပ သမဂ္ဂအဖွဲ့ဝင်မဟုတ်သော ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နှင့်ဆက်ဆံရေးကို ပြန်ကုစားရန် ကြိုးပမ်းခဲ့သည်။

ဇူလိုင် ၂၉ ရက်က အီတလီဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် သမ္မတရှီကျင်းပင်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းခဲ့ပြီး တရုတ်နှင့်အီတလီတို့သည် သမိုင်းဝင် ရှေးခေတ်ပိုးလမ်းမကြီး၏ ကုန်သွယ်ရေးလမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိနေသည်ဟု ပြောကြားခဲ့သည်။

“တရုတ်နဲ့ အီတလီတို့ဟာ ရှေးခေတ်ပိုးလမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ တည်ရှိနေပါတယ်။ နှစ်နိုင်ငံအကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးခဲ့တဲ့ အပြန်အလှန်ဆက်ဆံရေးဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေကို ဖလှယ်ပြီး အပြန်အလှန် နားလည်မှုရှိစေဖို့အတွက်ရော လူသားတွေရဲ့ဖွံ့ ဖြိုးမှုနဲ့တိုးတက်ဖြစ်ထွန်းမှုအတွက်လည်း အရေးပါတဲ့ပံ့ပိုးမှုဖြစ်ခဲ့တယ်” ဟု ရှီက ပြောကြားသည်။

ရှီ၏ အထင်ကရ မူဝါဒတစ်ရပ်ဖြစ်သော ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို နှိုးဆွရန်အတွက် ကမ္ဘာတစ်ဝန်းတွင် စွမ်းအင်နှင့်သယ်ယူပို့ ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။                      

Ref: AFP, AP

Most Read

Most Recent