ရုရှားနှင့် ပြိုင်ဘက်ကင်းသည့် ဆက်ဆံရေးအတွက် ဂုဏ်ယူကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပြောကြား

ရုရှားနှင့် ပြိုင်ဘက်ကင်းသည့် ဆက်ဆံရေးအတွက် ဂုဏ်ယူကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပြောကြား
၂၀၂၃ ခုနှစ် စက်တင်ဘာလက ရုရှား၏အရှေ့ဖျားဒေသရှိ Vostochny Cosmodrome အာကာသစင်တာတွင် လက်ဆွဲနှုတ်ဆက်နေသည့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန် (ဝဲ) နှင့် ရုရှားသမ္မတပူတင်တို့ကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် စက်တင်ဘာလက ရုရှား၏အရှေ့ဖျားဒေသရှိ Vostochny Cosmodrome အာကာသစင်တာတွင် လက်ဆွဲနှုတ်ဆက်နေသည့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန် (ဝဲ) နှင့် ရုရှားသမ္မတပူတင်တို့ကို တွေ့ရစဉ်(Photo:AFP)
Published 12 June 2024

ရုရှားနှင့် ပြိုင်ဘက်ကင်းသည့်ဆက်ဆံ ရေးအတွက် ဂုဏ်ယူကြောင်း မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအွန်က ရုရှားသမ္မ တဗလာဒီမာပူတင်ထံ အမှာစကားပေးပို့ခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇွန် ၁၂ ရက်တွင် ဖော်ပြ ခဲ့သည်။

ပူတင်၏ ဖြစ်လာနိုင်ခြေရှိသည့် မြောက်ကိုရီးယားခရီးစဉ်နှင့်ပတ်သက်ပြီး ထင်ကြေးပေးမှုများ ထွက်ပေါ်နေချိန်တွင် ကင်က မြောက်ကိုရီးယားသည် ရုရှား၏ တုနှိုင်းမရသည့် သွေးသောက်ရဲဘော်တစ်ဦးကဲ့သို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇွန် ၁၂ ရက်တွင် ကျရောက်သည့် ရုရှား၏ အမျိုးသားနေ့တွင် ကင်က ပြီးခဲ့သည့်နှစ်အတွင်း ရုရှား၏ အာကာသယာဉ်လွှတ်တင် ရေးစင်တာတွင် ပြုလုပ်ခဲ့သည့် ၎င်းနှင့် ပူတင်တို့၏ အစည်းအဝေးသည် နှစ်နိုင်ငံအကြား ရာစုနှစ်နှင့်ချီသည့် ဆက်ဆံရေးကို ပိုမိုမြင့် တက်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

ပူတင်သည် လာမည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ သွားရောက်လည်ပတ်လိမ့်မည်ဟု  ရုရှား၏ Vedomosti သတင်းစာက ဇွန် ၁၀ ရက်တွင် ဖော်ပြခဲ့ပြီးနောက် ကင်၏ အမှာစကားပေးပို့မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ပူတင်၏ ဗီယက်နမ်ခရီးစဉ်သည် ဇွန် ၁၉ ရက်မှ ဇွန် ၂၀ အတွင်း စီစဉ်ထားကြောင်း ဗီယက်နမ်အရာရှိတစ်ဦးက ရိုက်တာသတင်း ဌာနကို ပြောကြားခဲ့သော်လည်း အတည်ပြုခြင်းမရှိသေးပေ။

ကင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရုရှား၏ အရှေ့ဖျားဒေသကို သွားရောက်ခဲ့ပြီး Vostochny Cosmodrome အာကာသလွှတ်တင်ရေးစင်တာတွင် ပူတင်နှင့်တွေ့ဆုံခဲ့ကာ ပူတင်က မြောက်ကိုရီးယား၏ ဂြိုဟ်တုတည်ဆောက်ရေးကို ကူညီပေး မည်ဟု ကတိပြုခဲ့သည်။

ရုရှားသည် ရန်လိုသည့်အင်အားစုများ၏ စိန်ခေါ်မှုများ၊ ပိတ်ဆို့မှုများနှင့် ဖိအားများအားလုံးကို ကျော်လွှားပြီး အင်အားတောင့် တင်းသည့်နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးပမ်းအားထုတ်မှုများတွင် အောင်မြင်သည့်ရလဒ်များ ရရှိခဲ့သည့်အတွက် ကင်က ရုရှားကို ချီးကျူးခဲ့သည်။

မြောက်ကိုရီးယားနှင့် ရုရှားသည် သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများကို အဆင့်မြှင့်တင်ခဲ့ပြီး မကြာသေးမီလများအ တွင်း နှစ်နိုင်ငံအကြား အစိုးရအရာရှိများ၊ လွှတ်တော်နှင့် အခြားကိုယ်စားလှယ်အဖွဲ့များအကြား အပြန်အလှန်သွားရောက်ခဲ့သည့် ခရီးစဉ်များရှိခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ကမူ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်များထောက်ပံ့ပေးနေပြီး အပြန်အလှန်အနေဖြင့် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများအတွက် ရုရှားထံမှ နည်းပညာအကူအညီများ ရရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။

မြောက်ကိုရီးယားနှင့် ရုရှားကမူ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

မကြာသေးမီလများအတွင်း မြောက်ကိုရီးယားနှင့် ရုရှားအကြား ဆက်ဆံရေးများ တိုးမြှင့်နေချိန်တွင် တောင်ကိုရီးယားကလည်း အမေရိကန်၊ ဂျပန်တို့နှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများကိုမြှင့်တင်ခဲ့ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သဖြင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်ခဲ့သည်။                                   

Ref:Reuters

Most Read

Most Recent