ရုရှားနှင့်စစ်ဖြစ်နေသော ယူကရိန်းကို အထူးဒုံးကျည်အသစ် ရာပေါင်းများစွာ ပံ့ပိုးပေးမည်ဟု ဗြိတိန်အစိုးရ ကြေညာ

ရုရှားနှင့်စစ်ဖြစ်နေသော ယူကရိန်းကို အထူးဒုံးကျည်အသစ် ရာပေါင်းများစွာ ပံ့ပိုးပေးမည်ဟု ဗြိတိန်အစိုးရ ကြေညာ
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီ သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားနေပုံကို စက်တင်ဘာ ၄ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီ သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားနေပုံကို စက်တင်ဘာ ၄ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 7 September 2024

ဗြိတိန်က ယူကရိန်း၏ လေကြောင်းကာကွယ်ရေးများကို မြှင့်တင်ပေးရန် အထူးဒုံးကျည်အသစ် ၆၅၀ ကို ပေးပို့မည်ဟု စက် တင်ဘာ ၆ ရက်တွင် ဗြိတိန်အစိုးရက ပြောကြားလိုက်ပြီး လက်နက်ပေးပို့မှုများ အရှိန်နှေးနေသည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာ ဇယ်လန်းစကီးက ဝေဖန်ပြောကြားခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ဗြိတိန်က ဒုံးကျည်အသစ်များ ပေးပို့မည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြင်သစ်ကာကွယ်ရေးအုပ်စု သဲလက်စ် (Thales) က ထုတ်လုပ်သော အပေါ့စား ဘက်စုံသုံး ဒုံးကျည်စနစ်သစ်(LMM)ပထမ အသုတ်ကို ယခုနှစ်ကုန်ပိုင်းတွင် ပေးပို့ရန် စီစဉ်ထားသည်ဟု ဗြိတိန်အစိုးရက ပြောကြားခဲ့ပြီး ယင်းသည် လက်နက်အကူအညီ များကို မြန်မြန်ဆန်ဆန်ပေးပို့ရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။

ယူကရိန်း၏ အနောက်မဟာမိတ်နိုင်ငံများနှင့် စက်တင်ဘာ ၆ ရက်တွင် ဂျာမနီနိုင်ငံ၌  ပြုလုပ်သော အစည်းအဝေး၌ ကာကွယ်ရေး ဝန်ကြီးဂျွန်ဟီးလီက ပေါင် ၁၆၂ သန်း(အမေရိကန်ဒေါ်လာ ၂၁၃ သန်း)ရှိသော ဒုံးကျည်သစ်များကို ယူကရိန်းသို့ ပို့ပေးမည်ဟု တရားဝင် ကြေညာခဲ့သည်။

“ဒီကတိကဝတ်အသစ်ဟာ ယူကရိန်း လေကြောင်းကာကွယ်ရေးကို အရေးကြီးတဲ့ မြှင့်တင်မှု ဖြစ်လာစေမှာဖြစ်ပါတယ်။ ယူက ရိန်းအတွက် ထောက်ပံ့မှုတွေ မြှင့်တင်နေတယ်ဆိုတာကို ကျွန်တော်တို့အစိုးရအဖွဲ့သစ်က ပြသလိုက်တာဖြစ်ပါတယ်”ဟု ထုတ်ပြန် ချက်တွင် ကာကွယ်ရေးဝန်ကြီးက ဖော်ပြခဲ့သည်။

“ပိုလ်တာဗာနဲ့လီဗျူးတို့ကို ရုရှားရဲ့အရမ်းကာရော တိုက်ခိုက်မှုတွေကြောင့် စိတ်ထိခိုက်စရာကောင်းတဲ့ ဆုံးရှုံးမှုတွေကို လွန်ခဲ့ တဲ့ရက်ပိုင်းမှာ ကျွန်တော်တို့  မြင်ခဲ့ပြီးပါပြီ”ဟု ယူကေကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

အဲဒီ ယူကေလုပ် ဒုံးကျည်အသစ်တွေဟာ ယူကရိန်းအနေနဲ့ သူ့ပြည်သူတွေ၊ သူရဲ့အခြေခံ အဆောက်အအုံတွေ၊သူရဲ့နယ်မြေ တွေကို ကာကွယ်ဖို့ အထောက်အကူပေးပါလိမ့်မယ်”ဟု ဖြည့်စွက် ဖော်ပြထားသည်။

၁၄ နှစ်ကြာ အတိုက်အခံအဖြစ် ရပ်တည်ခဲ့ပြီးနောက် လေဘာပါတီသည် ယူကေတွင် ကွန်ဆာဗေးတစ်တို့၏နေရာကို အစား ဝင်ကာ အာဏာရရှိလာပြီးနောက် ဟီးလီသည် ဇွန်လ စောစောပိုင်းတွင် ယူကေ က ကာကွယ်ရေးဝန်ကြီးရာထူးကို ထမ်းဆောင်ခဲ့ သည်။

လန်ဒန်တွင် ဆွေးနွေးမှုများ လုပ်ဆောင်နေချိန်အတွင်း ဗြိတိန်သည် လာမည့်လများ၌ ထောက်ပံ့မှုများ ပိုမိုပေးသွားမည်ဟု ဟီးလီ က ယူကရိန်းကာကွယ်ရေးဝန်ကြီး အူမာရော့ကို ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ဒုံးကျည်အသစ် အော်ဒါမှာယူမှုများ ဖြစ်ပေါ် လာခြင်းဖြစ်သည်။

ပေါင်သန်း ၃၀၀ တန်ကြေးရှိသော လက်နက်ကြီး ကျည်ဆန်များသည် လပိုင်းအတွင်း ယူကရိန်းကို စတင်ရောက်ရှိလာမည်ဟု လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက အတည်ပြု ပြောကြားခဲ့သည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံး ဒုံးကျည် အကူအညီများသည် ယူကေ၊ ဥရောပ ကာကွယ်ရေး ထုတ်လုပ်မှုလုပ်ငန်းကို မြှင့်တင်ရန် ကြိုးပမ်းမှုများ ၏အစိတ်အပိုင်းဖြစ်သည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

မြောက်အိုင်ယာလန်ရှိ ဘဲလ်ဖတ်စက်ရုံ၌ ဒုံးကျည်သစ်များကို ထုတ်လုပ်နေသော သဲလက်စ်ကုမ္ပဏီက ၎င်း၏ဝက်ဆိုက်တွင် LMM သည် အပေါ့စား ပစ်မှတ်တိကျသော ဘက်စုံသုံးဒုံးကျည်အဖြစ် ဖော်ပြထားသည်ကို တွေ့ရသည်။

LMM ဒုံးကျည်စနစ်သည် သမားရိုးကျ ခြိမ်းခြောက်မှုများနှင့် ပုံစံအချိုးအစား မညီသောခြိမ်းခြောက်မှုများကို ကာကွယ်ရာတွင် ကြည်း၊ ရေ၊လေတို့၌ တာတိုပစ်ဒုံးကျည်ပစ် စင်မျိုးစုံမှ ပစ်ခတ်နိုင်ရန် ပုံစံထုတ်ထားသော ဒုံးကျည်များဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

Ref:AFP