မြောက်ကိုရီးယားက အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ထပ်မံလွှတ်တင်

မြောက်ကိုရီးယားက အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ထပ်မံလွှတ်တင်
ဇူလိုင် ၂၄ ရက်က ဆိုးလ်မြို့တော်ရှိ လမ်းပေါ်တွင် မြောက်ကိုရီးယားက လွှတ်တင်ခဲ့သည့် မိုးပျံပူဖောင်းများကျရောက်မှုကြောင့် ပြန့်ကြဲနေသည့် အမှိုက်များကို တောင်ကိုရီးယားအရာရှိများက ရှင်းလင်းနေစဉ်(Photo:AFP)
ဇူလိုင် ၂၄ ရက်က ဆိုးလ်မြို့တော်ရှိ လမ်းပေါ်တွင် မြောက်ကိုရီးယားက လွှတ်တင်ခဲ့သည့် မိုးပျံပူဖောင်းများကျရောက်မှုကြောင့် ပြန့်ကြဲနေသည့် အမှိုက်များကို တောင်ကိုရီးယားအရာရှိများက ရှင်းလင်းနေစဉ်(Photo:AFP)
Published 11 August 2024

မြောက်ကိုရီးယားသည် အမှိုက်အိတ်များ သယ်ဆောင်ထားသည်ဟု ယူဆရသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ထပ်မံလွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများသည် မြောက်ကိုရီးယားဆန့်ကျင်သည့် ၀ါဒဖြန့်စာစောင်များပါရှိသည့် မိုးပျံပူဖောင်းများကို မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့မှုကို လက်တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားသည် မေလကတည်းက အမှိုက်အိတ်များပါရှိသည့် ထောင်နှင့်ချီသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့သည်။

မြောက်ကိုရီးယားက ၎င်းတို့၏ တောင်ပိုင်းနယ်စပ်သို့ ပဲ့ထိန်းဒုံးပစ်လောင်ချာ ၂၅၀ ကို ဖြန့်ကြက်ခဲ့ကြောင်း ကြေညာခဲ့ပြီး ထိုဒုံးပစ်လောင်ချာများသည် ခေတ်မီဆန်းသစ်သော စစ်နည်းဗျူဟာမြောက် တိုက်ခိုက်ရေး လက်နက်ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့မှုနှင့်အတူ ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးများသည် အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့သည်။

ထိုမိုးပျံပူဖောင်းများကို ထိတွေ့ကိုင်တွယ်ခြင်းမပြုရန်နှင့်တွေ့ရှိပါက အာဏာပိုင်များကို အကြောင်းကြားရန် တောင်ကိုရီးယား စစ်တပ်က အကြံပြုထားသည်။

ပြီးခဲ့သည့်လကတည်း မြောက်ကိုရီးယားက လွှတ်တင်ခဲ့သည့် အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများသည် တောင်ကိုရီးယားသမ္မတရုံး တည်ရှိသည့် ခြံဝင်းအတွင်းသို့ ကျရောက်ခဲ့သဖြင့် တောင်ကိုရီးယား အာဏာ ပိုင်များသည် ဓာတုပစ္စည်းတုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့များကို ဖြန့်ကြက်ချထားခဲ့ရသည်ဟု လုံခြုံရေး အရာရှိများက ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်သည် စစ်သားများ၏ အကာအကွယ်နှင့် လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ထားသည့် ဆိုးလ်မြို့တော်ရှိ တောင်ကိုရီးယားသမ္မတရုံးတည်ရှိသည့် ခြံဝင်းအတွင်းသို့ ပထမဆုံးအကြိမ် မြောက်ကိုရီးယား ၏ အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများ ကျရောက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ မိုးပျံပူဖောင်းများ လွှတ်တင်မှုကို တုံပြန်သည့်အနေဖြင့် တောင်ကိုရီးယားက ဇူလိုင် ၂၁ ရက်မှစပြီး  နယ်စပ်ဒေသတွင် အသံချဲ့စက်များဖြင့် မြောက်ကိုရီးယား ဆန့်ကျင်သည့် ၀ါဒဖြန့်အသံလွှင့်မှုများ ပြန်လည်လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ၁၉၅၀-၅၃ခုနှစ် ကိုရီးယားစစ်ပွဲကာလက မြောက်ကိုရီးယား ဆန့်ကျင်သည့် ၀ါဒဖြန့်အသံလွှင့်မှုများ ပြုလုပ် သည့် နည်းဗျူဟာကို စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ထိုအသံချဲ့စက်များကို အမြောက်ဖြင့် ပစ်ခတ်သွားမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ဖူးသည်။

ဇူလိုင် ၂၈ ရက်ကလည်း မြောက်ကိုရီးယားသည် စစ်ပွဲဖြစ်ပွားလာမည်ဆိုပါက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အမိန့်နှင့်အတူ ရန်သူများကို အလုံးစုံ ဖျက်ဆီးပစ်မည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့ခြင်းမရှိဘဲ ယာယီစစ်ပြေငြိမ်းရေး သဘောတူညီချက်ဖြင့်သာ အဆုံးသတ်ခဲ့သဖြင့် သဘောတရားအရ စစ်ဖြစ်နေဆဲအ နေအထားမှာပင် ရှိနေဆဲဖြစ်သည်။

Ref:AFP

Most Read

Most Recent