နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အရေးကြီးကိစ္စရပ်အဖြစ် ကိုင်တွယ်ဆောင်ရွက်ရမည်ဟု ဟီရိုရှီးမားအုပ်ချုပ်ရေးမှူး ပြောကြား

နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အရေးကြီးကိစ္စရပ်အဖြစ် ကိုင်တွယ်ဆောင်ရွက်ရမည်ဟု ဟီရိုရှီးမားအုပ်ချုပ်ရေးမှူး ပြောကြား
Published 6 August 2024

သြဂုတ် ၆ ရက်က ဟီရိုရှီးမားမြို့ရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ် ပန်းခြံတွင် ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲခံရသည့် ၇၉ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပနေစဉ်(Photo: AFP)

ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲချခံရသည့် ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို သြဂုတ် ၆ ရက်က ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ဟီရိုရှီးမားအုပ်ချုပ်ရေးမှူးက နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အရေးတကြီးကိစ္စရပ်အဖြစ် ကိုင်တွယ်ဆောင်ရွက်ရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းပြောကြားခဲ့သည်။

နျူကလီးယားလက်နက်များကို ဟန့်တားကာကွယ်မှုအဖြစ် အားထားနေခြင်းကို ရပ်တန့်ကာယူကရိန်းနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်ခြေနှင့် အရှေ့အာရှတွင် တင်းမာမှုများမြင့် တက်နေခြင်းတို့ကို လျှော့ချထိန်းချုပ်ရမည်ဟုလည်း ဟီရိုရှီးမားမြို့တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အာရှမဟာမိတ် ဂျပန်ကိုကာကွယ်ရန် နျူကလီးယားလက်နက်များ အပါအဝင် အဟန့်အတားစွမ်းရည် တိုးမြှင့်မည့် အမေရိကန်၏ ကတိကဝတ်ကို အမေရိကန်နှင့်ဂျပန်တို့ ထပ်လောင်းအတည်ပြုခဲ့ပြီး ရက်ပိုင်းအကြာ တွင် ထိုအောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနှင့် ဂါဇာတွင်ဖြစ်ပွားနေသော စစ်ပွဲများသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် အကြောက်တရားနှင့် သံသယများကို နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေသည်ဟု ဝမ်းနည်းညှိုးငယ်စွာဖြင့် မိန့်ခွန်းပြောကြားရာတွင် ဟီ ရိုရှီးမား မြို့တော်ဝန်ခါဇုမိမာဆုအိက ထည့်သွင်းပြောကြားခဲ့သည်။

“ရုရှားက ယူကရိန်းကို အချိန်ကြာမြင့်စွာ ကျူးကျော်တိုက်ခိုက်မှုနဲ့ အစ္စရေးနဲ့ပါလက်စတိုင်းအကြား အခြေအနေ ပိုမိုဆိုးရွားလာမှုဟာ မရေမတွက်နိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို အသက်ဆုံးရှုံးစေပြီး ပုံမှန်လူနေမှုဘ ဝတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်”ဟု ၎င်းက ထပ်မံပြောကြားသည်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်က ဟီရိုရှီးမားမြို့ကို အမေရိကန်က အဏုမြူဗုံးကြဲချခဲ့ခြင်းကြောင့် မြို့အကြီးအကျယ် ပျက်စီးသွားပြီး လူပေါင်း ၁၄၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ ထို့နောက်သုံးရက်အကြာ သြဂုတ် ၁၅ ရက်တွင် နာဂါဆာကီမြို့ကို အဏုမြူဗုံးထပ်မံကြဲချခဲ့ခြင်းကြောင့် လူ ၇၀,၀၀၀ ကျော် ထပ်မံသေဆုံးခဲ့ပြီး ဂျပန်တို့ ချွင်းချက်မရှိ လက်နက်ချခဲ့သည့်အတွက် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည်။

သြဂုတ် ၆ ရက်က ပြုလုပ်သည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ဧည့်ပရိသတ် ၅၀,၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ၎င်းမြို့ကို အမေရိကန်၏ B-29 ဗုံးကြဲလေယာဉ်က အဏုမြူဗုံးကြဲချခဲ့သည့် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ငြိမ်းချမ်းရေးခေါင်းလောင်းသံ ထွက်ပေါ်လာမှုနှင့်အတူ အခမ်းအနားတက်ရောက်လာသူများက တစ်မိနစ်ကြာငြိမ်သက်ခဲ့သည်။  ငြိမ်းချမ်းရေး၏သင်္ကေတဖြစ်သော ရာနှင့်ချီသည့် အဖြူရောင် ချိုးငှက်များကိုလည်း လွှတ်ပေးခဲ့သည်။

ထိုအခမ်းအနားသို့ ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ အပါအဝင် အစိုးရထိပ်တန်းတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ]ငြိမ်းချမ်းစွာ အိပ်စက်အနားယူပါလော့”ဟု စာရေးထိုးထားသော ကွယ်လွန်သူများ၏ အထိမ်းအမှတ် ကျောက်တိုင်တွင် အလေးအနက် ဂါရဝပြုခဲ့ပြီး လွမ်းသူ့ပန်းခွေချခဲ့သည်။

ယနေ့ခေတ်တွင် ဟီရိုရှီးမားမြို့သည် တိုးတက်ဖွံ့ဖြိုးသည့် မြို့ကြီးတစ်မြို့ဖြစ်လာသည့်တိုင် မြို့လယ်ရှိ အမိုးခုံးပုံ အဆောက်အဦ အကြွင်းအကျန်ကို အောက်မေ့ဖွယ်အဖြစ် ဆက်လက်ထားရှိခဲ့သည်။          

Ref: AP

Most Read

Most Recent