ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရာတွင် ဟားမာ့စ်က အချိန်ဆွဲနေသည်ဟု သမ္မတဂျိုးဘိုင်ဒင်ပြောကြား

ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရာတွင် ဟားမာ့စ်က အချိန်ဆွဲနေသည်ဟု သမ္မတဂျိုးဘိုင်ဒင်ပြောကြား
အစ္စရေးစစ်တပ်က စစ်ဆင်ရေးလုပ်ခဲ့ပြီးနောက် ပျက်စီးနေသော နူဆေးရက်ဒုက္ခသည်စခန်းကို ဇွန် ၉ ရက်တွင်တွေ့ရစဉ်(Photo:AFP)
အစ္စရေးစစ်တပ်က စစ်ဆင်ရေးလုပ်ခဲ့ပြီးနောက် ပျက်စီးနေသော နူဆေးရက်ဒုက္ခသည်စခန်းကို ဇွန် ၉ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 14 June 2024

အစ္စရေးရဟတ်ယာဉ်များက ဂါဇာတောင်ပိုင်းမြို့၌ ဖြစ်ပွားနေသော လမ်းပေါ်က တိုက်ပွဲများတွင် စစ်သွေးကြွ များကို တိုက်ခိုက်ခဲ့သည်ဟု ဇွန် ၁၃ ရက်တွင် နယ်မြေခံများက ပြောကြားခဲ့ကြပြီး အမေရိကန်သမ္မတဂျိုး ဘိုင်ဒင်ကလည်း ဟားမာ့စ်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိအောင် ဆောင်ရွက်ရာတွင် အကြီးမားဆုံးအချိန်ဆွဲ ထားသူဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစ္စရေးမြောက်ပိုင်းနယ်စပ်တွင်လည်း တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ ဟားမာ့စ်၏မဟာမိတ် ဟစ်ဇဘိုလာက အစ္စရေး၏စစ်ရေးနေရာများကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် လက် ဘနွန်ကို အစ္စရေးတိုက်ခိုက်ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံးသွားသည်ဟု ဆိုသည်။

အစ္စရေးမြေပြင်တပ်ဖွဲ့များသည် မေလကတည်းက ရာဖာတွင် စစ်ဆင်ရေး လုပ်နေခဲ့သည်။ ပါလက်စတိုင်းအရပ်သားများ၏ ကံကြမ္မာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သတိပေးမှုများရှိနေခဲ့ပြီး မေလကုန်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ရာဖာစစ်ဆင်ရေးရပ်ရန် ဆုံးဖြတ်ခဲ့သည့်တိုင် အစ္စရေးသည် ရာဖာကို စစ်ဆင်နေခြင်းဖြစ်သည်။

ဇွန် ၁၃ ရက်တွင် ရာဖာအနောက်ပိုင်းဒေသများသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

“စစ်လေယာဉ်တွေ၊ အပါချီရဟတ်ယာဉ်တွေ၊ quadcopter  တွေအပြင် အစ္စရေး အမြောက်တပ်၊ အစ္စရေး စစ်သင်္ဘေတွေ အားလုံးဟာ ရာဖာအနောက်ပိုင်းဧရိယာကို တိုက်ခိုက်နေကြပါတယ်”ဟု ဒေသခံတစ်ဦး ကအေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အီဂျစ်နယ်စပ်အနီး ရာဖာတွင် ဟားမာ့စ်တိုက်ခိုက်ရေးသမားများသည် အစ္စရေးတပ်သားများနှင့်လမ်းပေါ် တိုက်ပွဲများဖြစ်နေသည်ဟု ဟားမာ့စ်က ပြောကြားခဲ့သည်။

ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးတို့အတွက် သဘောတူညီမှုရရှိရန်ဟားမာ့စ်သည် အကြီးမားဆုံး အချိန်ဆွဲနေသူဖြစ်သည်ဟု အီတလီ၌ ဂျီ-၇ အစည်းအဝေးကို တက်ရောက်နေသော အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

“ကျွန်တော်ဟာ ချည်းကပ်နည်းတစ်ခုကို ချပြခဲ့ပါတယ်။ အဲဒီချည်းကပ်နည်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဂျီ-၇၊ အစ္စရေးတို့က ထောက်ခံခဲ့ပါတယ်။ အကြီးမားဆုံး အချိန်ကြန့်ကြာစေသူကတော့ ဟားမာ့စ်ပဲ ဖြစ်ပါတယ်။ သူတို့က အလားတူ အစီအမံတစ်ရပ်ကို တင်ပြထားတာဖြစ်ပေမယ့်လည်း သူတို့ဟာ လက်မှတ်ထိုးဖို့ အခုထိ ငြင်းဆန်နေပါတယ်။ အဲဒီအစီအမံဟာ အသီးအပွင့် ဖြစ်ထွန်းလာတာမျိုး ရှိမရှိဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်”ဟု သမ္မတဂျိုးဘိုင်ဒင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ဂါဇာစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ဟားမာ့စ်၏တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် လူ ၁,၁၉၄ ဦးသေဆုံးခဲ့သည်။ သေဆုံးသူ အများစုမှာ အစ္စရေးအရပ်သားများဖြစ်သည်ဟု အစ္စရေးဘက်က တရားဝင်ထုတ်ပြန်ထားသည်။

ထို့အပြင် ဟားမာ့စ်အဖွဲ့က စစ်သွေးကြွများသည် ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးခဲ့သည်။ ထိုအထဲက ၁၁၆ ဦးသည် ဂါဇာတွင်ရှိနေဆဲ ဖြစ်သည်။ ဓားစာခံ ၄၁ ဦး သေဆုံးသွားပြီဟု အစ္စရေးစစ်တပ်က ပြောကြားထားသည်။

အစ္စရေး၏လက်စားချေ ထိုးစစ်ကြောင့် ဂါဇာတွင် အနည်းဆုံး လူ ၃၇,၂၃၂ ဦး သေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ အရပ်သားများ ဖြစ်သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အစ္စရေးက ရာဖာစစ်ဆင်ရေးကို စတင်သည့်အခါ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများသည် ရပ်ဆိုင်းသွား ခဲ့သည်ဆိုသော်လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အပစ်အခတ်ရပ်စဲရေး အစီအမံသစ်ကို မေလကုန်ပိုင်း တွင် ထုတ်ပြန်ခဲ့သည်။                  

Ref:AFP

Most Read

Most Recent