ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်အပေါ် အပြစ်တင်နေမှုများကို ရပ်တန့်ရန် နေတိုးအဖွဲ့အား တရုတ် တိုက်တွန်း

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်အပေါ် အပြစ်တင်နေမှုများကို ရပ်တန့်ရန် နေတိုးအဖွဲ့အား တရုတ် တိုက်တွန်း
ဇွန် ၁၇ ရက်က ၀ါရှင်တန်ရှိ အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် နေတိုးအကြီးအကဲ စတိုတန်ဘာ့ချ် (ဝဲ) အမေရိကန်သမ္မတ ဘိုင်ဒင်တို့ အစည်းအဝေးပြုလုပ်နေစဉ် (Photo:AFP)
ဇွန် ၁၇ ရက်က ၀ါရှင်တန်ရှိ အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် နေတိုးအကြီးအကဲ စတိုတန်ဘာ့ချ် (ဝဲ) အမေရိကန်သမ္မတ ဘိုင်ဒင်တို့ အစည်းအဝေးပြုလုပ်နေစဉ် (Photo:AFP)
Published 19 June 2024

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်သည် ရုရှားအား ထောက်ပံ့ပေးနေသည်ဆို သည့် နေတိုးအဖွဲ့၏ ပြစ်တင်စွပ်စွဲမှုများကို ရပ်တန့်ရန် တရုတ်က ဇွန် ၁၈ ရက်တွင် တိုက်တွန်းခဲ့သည်။

ရုရှား၏ ကာကွယ်ရေးကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက် အဓိက တွန်းအားတစ်ခုဖြစ်သည်ဟု အမေရိကန်က ပြောကြားခဲ့သည့် အကျိုးဆက်များကို ရင်ဆိုင်ရန် နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ်စတို တန်ဘာ့ချ်က  တရုတ်အား ဇွန် ၁၈ ရက်တွင် တိုက်တွန်းခဲ့သည်။

တရုတ်ကမူ ယူကရိန်းစစ်ပွဲအတွင်း ၎င်းကိုယ်ကိုယ် ကြားနေအဖြစ် ပုံဖော်ထားပြီး အမေရိကန်နှင့် အခြားအနောက်နိုင်ငံများနှင့် မတူဘဲ မည်သည့်ဘက်ကိုမျှ အသက်သေစေနိုင်လောက်သည့် အထောက်အပံ့များ ပေးနေခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

နေတိုးအဖွဲ့အနေဖြင့် တရုတ်ကို တိုက်ခိုက်မှုများနှင့် သားပုတ်လေလွင့်ပုတ်ခတ် ပြောဆိုမှုများပြုလုပ်ခြင်းထက် မိမိကိုယ်ကိုယ်  အလေးအနက်ဆင်ခြင်စဉ်းစားမှု ပြုလုပ်သင့်ကြောင်း တရုတ်က ဇွန် ၁၈ ရက်တွင် ပြော ကြားခဲ့သည်။

နေတိုးအနေဖြင့် အပြစ်လွှဲချနေမှုနှင့်  သဘောထားကွဲလွဲမှုများဖြစ်အောင်လုပ်ဆောင်နေခြင်းမှ ရပ်တန့်ရန်၊ ထိပ်တိုက်တွေ့မှုများကို လှုံ့ဆော်မပေးရန်နှင့် မီးလောင်ရာ လေပင့်မလုပ်ရန် မိမိတို့အကြံပေးလိုကြောင်း ထိုသို့လုပ်ဆောင်ခြင်းထက် အကျပ်အတည်းကို နိုင်ငံရေးအရ ကျေအေးမှုရရှိစေရန် လက်တွေ့ကျသည့် တစ်စုံတစ်ရာလုပ်ဆောင်ရန်  အကြံပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲစတင်ခဲ့ချိန်ကတည်းက တရုတ်နှင့်ရုရှား၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည် မြင့်တက်လာခဲ့သော်လည်း တရုတ်ကမူ ရုရှား၏ စစ်ပွဲကို ထောက်ပံ့ပေးနေသည်ဆိုသည့် အနောက်နိုင်ငံများ၏ ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။

မည်ဆို့ပင်ဆိုစေ ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့ချိန်ကစပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးမြင့်တက်လာမှုနှင့်အတူ တရုတ်သည် ရုရှား၏ ဖယ်ကြဉ်ခံထားရသည့် စီးပွားရေးအတွက် အသက်သွေးကြောတစ်ခုဖြစ်ခဲ့သည်။

ဇွန် ၁၄ ရက်က စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ ၇) အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများသည် တရုတ်ထံမှ လက်နက်အစိတ်အပိုင်းများနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းပေးပို့ မှုနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်သည် ဆွစ်ဇာလန်နိုင်ငံတွင် ပြီးခဲ့သည့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ခဲ့ခြင်းမရှိပေ။

တရုတ်သမ္မတ ရှီကျင်းပင်သည် ယခုပဋိပက္ခတွင် နောက်ကွယ်မှ ရှိနေသည်ဆိုသည့် ထင်မြင်ချက်ကို ဖန်တီးရန် ကြိုးပမ်းနေပြီး ပိတ်ဆို့မှုများကို ရှောင်လွှဲရန်နှင့် ကုန်စည်စီးဆင်းမှုများ ဆက်လက်ဖြစ်ပွားနေစေရန် ကြိုးပမ်းခဲ့ သည်ဟု စတိုတန်ဘာ့ချ်က ဇွန်  ၁၇ ရက်က ၀ါရှင်တန်သို့ သွားသည့်ခရီးစဉ်တွင် ပြောကြားခဲ့သည်။

“ဒါပေမယ့် အမှန်တရားကတော့ တရုတ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာဖြစ်ပွားတဲ့ အကြီးဆုံး ပဋိပက္ခကို လှုံ့ ဆော်ပေးနေပါတယ်။ အဲဒီအတွက် အကျိုးဆက်တွေလည်း ရှိသင့်ပါတယ်”ဟု စတိုတန် ဘာ့ချ်က ပြောကြားခဲ့သည်။

နေတိုးအဖွဲ့သည် လာမည့်လတွင် ၀ါရှင်တန်တွင် ညီလာခံတစ်ခုနှင့်အတူ အဖွဲ့ထူထောင်သည့် ၇၅ နှစ် ပြည့် နှစ်ပတ်လည်ကို အောင်ပွဲခံအခမ်းအနားပြုလုပ်ရန် စီစဉ်ထားပြီး အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ယူကရိန်းကို ထောက်ပံ့ပေးမည့် နှစ်ရှည် အစီအစဉ်တစ်ခုကို ကြေညာဖွယ်ရှိသည်။                                                Ref:AFP

Most Read

Most Recent