ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် ဗြိတိန်က တရုတ်ကို သံသယရှိနေ

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် ဗြိတိန်က တရုတ်ကို သံသယရှိနေ
၂၀၁၈ ခုနှစ်က ပြင်သစ်နိုင်ငံတွင်ပြုလုပ်သည့် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးဖိုရမ်တွင် ကွန်ပျူတာ အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်(Photo:AFP)
၂၀၁၈ ခုနှစ်က ပြင်သစ်နိုင်ငံတွင်ပြုလုပ်သည့် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးဖိုရမ်တွင် ကွန်ပျူတာ အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်(Photo:AFP)
Published 9 May 2024

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ဆိုက်ဘာတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ဗြိတိန်အစိုးရက တရုတ်ကို သံသယရှိနေသည်ဟု အေ အက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

စစ်မှုထမ်းများ၏ ကိုယ်ရေးအချက်အလက်များအပေါ် ကြီးမားသည့် ဆိုက်ဘာ တိုက်ခိုက်မှုဖြစ်စဉ်တွင် လွှတ်တော်အမတ် အချို့က တရုတ်အား အပြစ်တင်ခဲ့ပြီး ထိုဖြစ်စဉ်တွင် နိုင်ငံတစ်နိုင်ငံက ပါဝင်ပတ်သက်နေသည်ဆိုသည့်အချက်ကို ထည့်မတွက်ဘဲ ထားမည်မဟုတ်ကြောင်း ဗြိတိန်က ပြောကြားခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အသုံးပြုနေသည့်  ဗြိတိန်စစ်သားများနှင့် စစ်မှုထမ်းဟောင်းအများအပြား၏ အမည်များ၊ ဘဏ်အချက်အလက်များနှင့် လိပ်စာများ ပါဝင်သည့် ကန်ထရိုက်တာတစ်ခု၏ လစာငွေပေးမှုစနစ်ကို ဆိုက်ဘာတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ၎င်းရှိနေသည်ဆိုသည့် အချက်ကို တရုတ်က ဒေါသတကြီး ငြင်းဆိုခဲ့သည်။

မိမိတို့တွင် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မလိုမုန်းထားမှုရှိသူတစ်ဦး၏ သံသယဖြစ် ဖွယ်လုပ်ဆောင်မှုဖြစ်သည့် အရိပ်လက္ခဏာများ ရရှိထားကြောင်း၊ ထိုဖြစ်စဉ်တွင် နိုင်ငံတစ်နိုင်ငံက ပါဝင်ပတ်သက်နေသည့်အချက်ကို ထည့်မတွက်ဘဲ ချန်လှပ်ထားနိုင်မည်မဟုတ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့် ရှက်ပ်စ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

မလိုမုန်းထားသူတစ်ဦးက လက်နက်ကိုင်တပ်ဖွဲ့များအား လစာငွေပေးသည့် ကွန်ရက်ကို တိုက်ခိုက်ခဲ့သည့် အရိပ်လက္ခဏာများကို တွေ့ရှိခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်က အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း တရုတ်ကို နာမည်တပ်ပြောကြားခဲ့ခြင်းမရှိပေ။

လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် တိုဘီယာ့စ် အဲလ်ဝုဒ်ကမူ ထိုဖြစ်စဉ်သည် တရုတ်၏ စစ်ဆင်ရေး ၀ိသေသလက္ခဏာများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လစာငွေပေးတဲ့စနစ်ရဲ့ အမည်တွေနဲ့ ပုဂ္ဂိုလ်ရေး ဘဏ်အချက်အလက်ဝန်ဆောင်မှုတွေကို ပစ်မှတ်ထားတဲ့ ဖြစ်စဉ်ဟာ တရုတ်ကို ညွှန်ပြနေပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါဟာ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပြီး ဘယ်သူကို အကျပ်ကိုင်ရမလဲဆိုတာ သိရှိဖို့အတွက် မဟာဗျူဟာတစ်ခုဖြစ်ပါတယ်”ဟု စစ်သားဟောင်းတစ်ဦးဖြစ်ပြီး လွှတ်တော်ဆိုင်ရာ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် အဲလ်ဝုဒ်က ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးရှက်ပ်စ် အနေဖြင့် လွှတ်တော်တို့ တင်သွင်းမည့် နောက်ဆုံးရအချက်အလက်များတွင်မူ ထိုဆိုက်ဘာ တိုက်ခိုက်ခံရမှုဖြစ်စဉ်၌ တရုတ်နိုင်ငံက တာဝန်ရှိ၊ မရှိနှင့်ပတ်သက်ပြီး ထည့်သွင်းတင်ပြ မည်ဟုတ်မဟုတ် မသိရပေ။

“ဒီဖြစ်စဉ်ဟာ ဗြိတိန်အနေနဲ့ မြင့်တက်မှုရှိပြီး ပြောင်းလဲနေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို နောက်တစ်ကြိမ် သက်သေပြရာ ရောက်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်တွင် မကြာသေးမီကမှ အငြိမ်းစားယူသွားခဲ့သည့် စစ်မှုထမ်းဟောင်းများအပါအဝင် စစ်မှုထမ်း ပေါင်း ၂၇၂၀၀၀ ကို ထိခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ မည်သည့်အချက်အလက်မျှ ဖယ်ရှားခံရသည့် သက်သေများကို မတွေ့ရှိခဲ့ဘဲ အစိုးရသည် ပစ်မှတ်ထားခံရသူများကို ကာကွယ်ရန် အရေးယူဆောင်ရွက်မှုများကို ချက်ချင်းပြုလုပ်ခဲ့သည်ဟု ရှက်ပ်စ်က ပြောကြားခဲ့သည်။

“ဒီဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့ရတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ကျွန်တော်တောင်းပန်ချင်ပါတယ်။ ဒါက မဖြစ်သင့်ပါဘူး”ဟု ရှက်ပ်စ်က အောက်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်တွင် ဗြိတိန်အစိုးရသည် တရုတ်ကို တိုက်ရိုက်ဝေဖန်ခြင်းမျိုး မရှိခဲ့ကြောင်း အစိုးရအဖွဲ့ဝင်ဝန်ကြီး မဲလ်စထရိုက်က ပြောကြားခဲ့သည်။          Ref:AFP

Most Read

Most Recent