အီရန်သမ္မတ လိုက်ပါသွားသည့်  ရဟတ်ယာဉ်ကို ရှာဖွေရန် ရုရှားက ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်

အီရန်သမ္မတ လိုက်ပါသွားသည့်  ရဟတ်ယာဉ်ကို ရှာဖွေရန် ရုရှားက ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်
Published 20 May 2024

အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီ နှင့်အီရန်နိုင်ငံခြားရေး ဝန်ကြီး ဟူဆိန်အေမာအဗ္ဗ ဒူလာဟီရန်တို့ လိုက်ပါသွားသော ရဟတ်ယာဉ်သည် မေ ၁၉ ရက်က မြူများထူထပ်စွာ ကျဆင်းနေသည့်  နယ်စပ်တောင်တန်းဒေသတွင် ပျောက်ဆုံးသွားသဖြင့် အီရန် ကယ်ဆယ်ရေး အဖွဲ့များက ပိုက်စိပ်တိုက် ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိပြီး ရုရှားကလည်း ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်လိုက်သည်ဟု သိရသည်။

ပျောက်ဆုံးနေသော ရဟတ်ယာဉ်ကို ရှာဖွေ ရန် ရုရှားက ကယ်ဆယ်ရေးအဖွဲ့ကို အီရန် သို့စေလွှတ်လိုက်သည်ဟု မေ ၂၀ ရက် စောစောပိုင်းတွင် ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည်။

“အီရန်ဘက်က မေတ္တာရပ်ခံလာတဲ့အတွက် ရုရှား အရေးပေါ်အခြေအနေများ ကယ်ဆယ်ရေး ဝန်ကြီးဌာနက ကယ်ဆယ်ရေးသမားတွေဟာ ရှာဖွေ၊ ကယ်ဆယ်ရေး လုပ်ငန်းမှာ အကူအညီ ပေးသွားမှာဖြစ်ပါတယ်” ဟု ယင်း ဝန်ကြီးဌာနက တယ်လီဂရမ်တွင် ထုတ် ပြန်ခဲ့သည်။

အထူးကျွမ်းကျင်သူ ၄၇ ဦးပါဝင်သော အဖွဲ့တွင် လိုအပ်သော ကိရိယာပစ္စည်းများ အပြင် မြေပြင်အေနေအထားအမျိုးမျိုး၌    မောင်းနိုင်သောကားများနှင့် BO – 105 ရဟတ်ယာဉ်တို့လည်းပါဝင်သည်ဟုဆို သည်။ ထိုအဖွဲ့သည် အီရန်အနောက် မြောက်ပိုင်း တာဘရစ်မြို့ကိုဦးတည်ထွက် ခွာသွားသည်ဟု ထုတ်ပြန်ချက်တွင်ဆက် လက်ဖော်ပြထားသည်။

ရဟတ်ယာဉ်သည် အရှေ့အဇာဘိုင်ဂျန် ပြည်နယ်တွင် အဆက်အသွယ်ပြတ်တောက် သွားခဲ့ပြီးနောက် ရဟတ်ယာဉ်ပေါ်တွင် လိုက် ပါသွားသော အသက် ၆၃ နှစ်အရွယ် သမ္မတ ရိုင်ဆီ၊ နိုင်ငံခြားရေးဝန်ကြီး၊ အခြားလူများ အတွက် စိုးရိမ်ပူပန်မှုများတိုးလာနေပြီး အီရန် အစိုးရမီဒီယာကလည်း ၎င်းတို့အတွက် ဆုတောင်းပေးရန် ပြည်သူများကို တိုက်တွန်း ထားသည်။

သမ္မတလိုက်ပါသွားသော ရဟတ်ယာဉ်သည် ဂျိုလ်ဖာဒေသတွင် မတော်တဆ ဖြစ်သွားခဲ့သည်ဟု မေ ၁၉ ရက် မွန်းလွဲပိုင်း တွင် အီရန်အစိုးရရုပ်သံက ပထမဆုံး သတင်းဖော်ပြခဲ့သည်။

“ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ၊ မြူတွေ ထူထပ်နေတာတွေဟာ မတော်တဆဖြစ်တဲ့နေရာကို ကယ်ဆယ်ရေးအဖွဲ့ တွေ အရောက်သွားဖို့ ခက်ခဲစေပါတယ်”ဟုလည်း ရုပ်သံဌာနတစ်ခုက ဖော်ပြခဲ့ပြီး အင်နှင့် အားနှင့်ရှာဖွေမှုများကို ညပိုင်းအထိ ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း ဆက်လက်ဖော်ပြခဲ့သည်။         

 

အီရန်ဥသျှောင် အယာတိုလာအလီခါမေနီ ကမူ အီရန်ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်၍ မစိုးရိမ်ကြရန် အီရန်ပြည်သူများကို တိုက်တွန်းထားပြီး နိုင်ငံ၏လုပ်ငန်းများတွင် အနှောင့်အယှက်များ ရှိလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

အီရတ်၊ ပါကစ္စတန်၊ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ တူရကီတို့ အပြင် ဥရောပသမဂ္ဂတို့ကလည်း စိုးရိမ် ကြောင်းပြောကြားခဲ့ကြပြီး အကူအညီပေးမည်ဟု ကမ်းလှမ်း ထားကြသည်။

ကယ်ဆယ် ရေးလုပ်ငန်းများတွင်အထောက်အပြုဖြစ် စေရေးအတွက် ဥရောပသမဂ္ဂက ၎င်း၏အမြန် မြေပုံရှာစနစ်ကိုဖွင့်ပေးလိုက်သည်ဟု သိရသည်။

ထပ်တူ ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန် ကမ်းလှမ်းခဲ့ကြသောနိုင်ငံများနှင့်နိုင်ငံတကာအဖွဲ့အစည်းများကို အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ဆာကာ နာနီကကျေးဇူးတင်ကြောင်းပြောကြားခဲ့ သည်။

Ref: AFP

Photo: AFPO

Most Read

Most Recent