အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားသမ္မတ၏လေယာဉ်ကို ဒိုမီနီကန်သမ္မတနိုင်ငံ၌ ဖမ်းဆီး

အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားသမ္မတ၏လေယာဉ်ကို ဒိုမီနီကန်သမ္မတနိုင်ငံ၌ ဖမ်းဆီး
Published 3 September 2024

အမေရိကန်ပြည်ထောင်စုသည် ဒီမိုနီကန်သမ္မတနိုင်ငံ၌ ဗင်နီဇွဲလားသမ္မတ၏ လေယာဉ်ကို စက်တင်ဘာ ၂ ရက်တွင် ဖမ်းဆီးလိုက်ပြီး အဆိုပါလေယာဉ်ကို ဖလော်ရီဒါပြည်နယ်သို့ ပျံသန်းစေခဲ့သည်ဟု သိရသည်။

ယင်းသို့လေယာဉ်ကို ဖမ်းဆီးလိုက်ခြင်းသည် လေယာဉ်ကို ဓားပြတိုက်မှုဖြစ်သည်ဟု ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုက ဝေဖန်ရှုတ်ချလိုက်ခဲ့သည်။ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ယင်းသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန်က ပြောကြားခဲ့သည်။

မာဒူရိုနှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များ အသုံးပြုသော Dassault Falcon 900 EX လေယာဉ်ကို အမေရိကန် တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အဆိုပါလေယာဉ်ကို တရားမဝင် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“တရားရေးဌာနက အဲဒီလေယာဉ်ကို သိမ်းဆည်းခဲ့ပါတယ်။ အဲဒီလေယာဉ်ကို ဟန်ပြကုမ္ပဏီတစ်ခုကနေ အမေရိကန်ဒေါ်လာ ၁၃ သန်းနဲ့ တရားမဝင်ဝယ်ယူခဲ့တာဖြစ်ပြီး နီကိုလက်စ်မာဒူရိုနဲ့သူ့ရဲ့ ခရိုနီတွေ အသုံးပြုဖို့အတွက် အမေရိကန်ပြည်ထောင်စုကနေ မှောင်ခိုခိုးထုတ်သွားခဲ့တဲ့ လေယာဉ်ဖြစ်ပါတယ်” ဟု ရှေ့နေချုပ်မာရစ်ဂါလန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေယာဉ်ကို သိမ်းဆီးလိုက်ခြင်းအား ရှုတ်ချကြောင်း စက်တင်ဘာ ၂ ရက်ညပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မာဒူရိုနှင့်ပတ်သက်နေသူများသည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် စောစောပိုင်းတွင် အဆိုပါဂျက်လေယာဉ်ကို တရားမဝင် ဝယ်ယူရာတွင် ၎င်းတို့ပါဝင်ပတ်သက်နေသည်ကို ဖုံးကွယ်ထားရန် ကာရီဘီယံအခြေစိုက် ဟန်ပြကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့သည်ဟု အမေရိကန်က ပြောကြားသည်။

ထို့နောက် အဆိုပါလေယာဉ်ကို ၂၀၂၃ ခုနှစ် ဧပြီလထဲတွင် အမေရိကန်ပြည်ထောင်စုမှ ဗင်နီဇွဲလားသို့ တရားမဝင်တင်ပို့ခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ် မေလကတည်းက လေယာဉ်ကို ဗင်နီဇွဲလား စစ်အခြေစိုက်စခန်းတစ်ခုက သီသန့်အားဖြင့် အသွားအလာပြန်လုပ်နေခဲ့သည်ဟု ဆိုသည်။

Most Read

Most Recent