လီဗာပူးလ်နည်းပြဖြစ်လာတော့မည်ဟု သတင်းစာရှင်းလင်းပွဲတွင် အာနီဆလော့ အတည်ပြုပြောကြားခဲ့ပြီး ဖီယင်နုအသင်းကလည်း ဗီဒီယိုဖိုင်ဖြင့် နှုတ်ဆက်ခဲ့

လီဗာပူးလ်နည်းပြဖြစ်လာတော့မည်ဟု သတင်းစာရှင်းလင်းပွဲတွင် အာနီဆလော့ အတည်ပြုပြောကြားခဲ့ပြီး ဖီယင်နုအသင်းကလည်း ဗီဒီယိုဖိုင်ဖြင့် နှုတ်ဆက်ခဲ့
Photo : Getty Images
Photo : Getty Images
Published 20 May 2024

လီဗာပူးလ်အသင်းနှင့် သဘောတူညီမှုရရှိထားပြီဟု သတင်းထွက်ခဲ့သော ဖီယင်နုအသင်း၏နည်းပြ အာနီဆလော့က သတင်းစာရှင်းလင်းပွဲတွင် ယင်းသတင်းကို အတည်ပြုခဲ့ပြီး ဖီယင်နုအသင်းကလည်း ၎င်းကို ဗီဒီယိုဖိုင်ပြုလုပ်ကာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် အသက် (၄၅) နှစ်အရွယ် ဒတ်ချ်နည်းပြ အာနီဆလော့အတွက် လျော်ကြေး ပေါင် (၉.၄ သန်း) ပေးချေရန် ဖီယင်နုအသင်းနှင့် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း BBC အပါအဝင် ဗြိတိန်သတင်းဌာနများစွာက ဧပြီလကတည်းက ဖော်ပြခဲ့ကြသည်။ မေ (၁၇) ရက်က ပြုလုပ်သည့် ဒတ်ချ်လိဂ်ရာသီပိတ်ပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲတွင် အာနီဆလော့က လီဗာပူးလ်အသင်းနည်းပြသစ် ဖြစ်လာတော့မည်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။ "နောက်နှစ်မှာ ကျွန်တော်က အဲဒီမှာ လေ့ကျင့်ပေးရသူဖြစ်လာတော့မယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဒီပွဲက ကျွန်တော့်ရဲ့ နောက်ဆုံးပွဲဖြစ်မယ်လို့ အခုချိန်အထိ မတွေးထားပါဘူး။ ဒါပေမဲ့ အဲဒါက အခုချိန်က စတော့မှာပါ။ ရက်သတ္တပတ်အစမှာ လေ့ကျင့်ရေးအကြောင်းနဲ့ အဲဒီအကြောင်းတွေ စဉ်းစားဖြစ်တယ်။ ဒါပေမဲ့ အခုချိန်မှာ ခံစားချက်က ပိုပြီးပြင်းထန်လာပါပြီ။ အဲဒါကြောင့် ကျွန်တော် အခုနည်းနည်းနောက်ကျသွားတာပါ။ ဘာလို့လဲဆိုတော့ တချို့လူတွေကို ပုဂ္ဂိုလ်ရေးအရ နှုတ်ဆက်စကားပြောချင်လို့ပါ။ လက်ဆွဲနှုတ်ဆက်ရုံမဟုတ်ဘဲ သူတို့အတွက် အချိန်ယူချင်တာကြောင့်ပါ။ ရလဒ်ကောင်းတွေက ကျွန်တော့်ကို အကူအညီပေးတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ထွက်သွားတာ စိတ်မကောင်းစရာပဲလို့ လူတွေထင်နေကြတယ်လို့ ခံစားရတာ အရမ်းကောင်းပါတယ်" ဟု ၎င်းက ဆိုခဲ့သည်။

ဖီယင်နုအသင်းကလည်း အာနီဆလော့ကို ဗီဒီယိုဖိုင်ပြုလုပ်ကာ မေ(၁၉)ရက်တွင် နှုတ်ဆက်ခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်၌ အာနီဆလော့ ရယူပေးထားသည့် ချန်ပီယံဆုများနှင့် မှတ်တမ်းဓာတ်ပံများကို ဖော်ပြခဲ့သည့်အပြင် ဖီယင်နုပရိသတ်တစ်ဦးက လီဗာပူးလ်အသင်း၏ You'll Never Walk Alone သီချင်းကို သီဆိုခဲ့ကြောင်းလည်း သိရသည်။ သို့သော် လီဗာပူးလ်အသင်းကမူ နည်းပြသစ်ခန့်အပ်ခြင်းနှင့်ပတ်သက်၍ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် မတိုင်မီအထိ အာနီဆလော့အား နည်းပြသစ်အဖြစ် ခန့်အပ်မည့်သတင်းကို အတည်ပြုကြေညာခြင်းမပြုခဲ့ပေ။ လီဗာပူးလ်အသင်းအား ၂၀၁၅ ခုနှစ် အောက်တိုဘာကတည်းက တာဝန်ယူကိုင်တွယ်ခဲ့သူ ယာဂန်ကလော့ပ်သည် ၂၀၂၆ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသော်လည်း ယခုရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်ကြောင်း ဇန်နဝါရီတွင် ရုတ်တရက်ကြေညာခဲ့ခြင်းဖြစ်သည်။ ယာဂန်ကလော့ပ် (၅၆ နှစ်)သည် လီဗာပူးလ်အသင်းအား ကိုင်တွယ်သည့် (၉)နှစ်အတွင်း ပရီးမီးယားလိဂ်တစ်ကြိမ်၊ FA ဖလားတစ်ကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်၊ ကွန်မြူနတီဒိုင်း တစ်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ် ဆွတ်ခူးရယူပေးနိုင်ခဲ့သူ ဖြစ်သည်။

Most Read

Most Recent