■ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် 

■ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် 
Photo: UEFA
Photo: UEFA
Published 31 May 2024

ဒေါ့မွန် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဇွန်လ ၂ ရက် နံနက် ၁:၃၀ နာရီ)

    

ရီးယဲလ်မက်ဒရစ် အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ဝင်ဘလေကွင်းမှာ ကစားသွားမယ်။ ဒေါ့မွန်အသင်းက ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကို နှစ်ကျော့စလုံး (၁-၀) ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်လာခဲ့တယ်။ ရီးယဲလ်မက်ဒရစ်အသင်းကတော့ ကွာတားဖိုင်နယ်မှာ မန်စီးတီး၊ ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်တို့ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်လာခြင်းဖြစ်တယ်။ ဗိုလ်လုပွဲအထိ ဖြတ်သန်းခဲ့တဲ့ ခရီးကိုကြည့်ရင် ဒေါ့မွန်က PSV၊ အက်သလက်တီကို၊ PSG တို့ကို ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကတော့ လိုက်ပ်ဇစ်၊ မန်စီးတီးနဲ့ ဘိုင်ယန်တို့ကို ကျော်ဖြတ်ခဲ့တာဖြစ်တယ်။ လိုက်ပ်ဇစ်ကို ကစားခဲ့တဲ့ ခြေစွမ်းနဲ့ ဘိုင်ယန်မြူးနစ်ကို ကစားခဲ့တဲ့ ခြေစွမ်းတွေက ဂျာမန်ပြိုင်ဘက်အသင်းတွေနဲ့ ကစားခဲ့တဲ့ အခြေအနေကို ချိန် ထိုးလို့ရပြီး၊ အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ဒေါ့မွန်ရဲ့ခြေစွမ်းကလည်း စပိန်ကလပ်အသင်းတွေနဲ့ အခြေအနေကို ချိန်ထိုးလို့ရစေတယ်။ PSG ကို ဒေါ့မွန်က ကျော်ဖြတ်ခဲ့ပုံနဲ့ မန်စီးတီးကို ရီးယဲလ်မက်ဒရစ်က ကျော်ဖြတ်ပုံတွေကလည်း သိပ်ပြီးကွာခြားချက်မရှိသလို ဖြစ်နေတာတွေ့ရတယ်။

    

ဗိုလ်လုပွဲမတိုင်ခင် ဒဏ်ရာ အခြေအနေကို ကြည့်ရင် မာတီယူမိုရေး၊ ဆီဘက်ရှန်ဟော်လာ၊ ဂျူလီယန်ဒူရန်ဗီလီ၊ ဘန်ဆီဘာအီနီ စတဲ့ ကစားသမားတွေက ဗိုလ်လုပွဲကို လွဲချော်ကြမှာဖြစ်ပေမယ့် တကယ်တမ်းတော့ ဒီကစားသမားတွေအားလုံးက ဒီရာသီ ဒေါ့မွန်ရဲ့ Core Unit ထဲမှာ မပါဝင်တဲ့ ကစားသမားတွေ ဖြစ်နေတယ်။ ရီးယဲလ်မက်ဒရစ်အသင်းကတော့ စပိန်ဘုရင့်ဖလားကို လွဲချော်ခဲ့ပေမယ့် ဒီရာသီ စပိန်စူပါဖလားကို ရရှိထားသလို၊ လာလီဂါချန်ပီယံဆုကိုလည်း ဆွတ်ခူးထားလို့ ချန်ပီယံလိဂ်ဖလားက ဒီရာသီအတွက် တတိယမြောက် ဆုဖလားလို့လည်း ပြောလို့ရတယ်။ 

    

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဒေ့ါမွန်တို့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုက ၂၀၁၇-၁၈ တုန်းကဖြစ်ပြီး ရီးယဲလ်က အဝေးကွင်းမှာ (၁-၃)၊ အိမ်ကွင်းမှာ (၃-၂) ဆိုတဲ့ ရလဒ်တွေနဲ့ နှစ်ကျော့စလုံး နိုင်ခဲ့သလို ဒေါ့မွန်နဲ့ နောက်ဆုံး ရင်ဆိုင်ခဲ့တဲ့ (၇) ပွဲမှာလည်း ရီးယဲလ်မက်ဒရစ်က တစ်ပွဲသာရှုံးနိမ့်ခဲ့ဖူးတာကို တွေ့ရတယ်။ အီဒင်တယ်ဇစ်ရဲ့အသင်းမှာ ဖယ်ခုနဲ့ မာလန်းတို့က ရီးယဲလ်ခံစစ်ကို အဓိက ခြိမ်းခြောက်မယ့် ကစားသမားတွေဖြစ်ပြီး ဖယ်ခုက ဒီရာသီ ပြိုင်ပွဲစုံမှာ (၁၅) ဂိုးနဲ့ ဆီမီးဖိုင်နယ်တုန်းက PSG ကို ဂိုးသွင်းခဲ့တယ်။ မာလန်းကတော့ လက်ရွေးစင်ပွဲအပါအဝင် ဒီရာသီ (၁၅) ဂိုးရခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ (၄) ဂိုးပဲ ရထားတယ်။ 

    

ရီးယဲလ်မက်ဒရစ်တိုက်စစ်ပိုင်းမှာ ဒေါ့မွန်ကို ခြိမ်းခြောက်နိုင်တဲ့ ကစားသမားတွေများတယ်။ ဗင်နီးစီယပ်စ်၊ ရိုဒရီဂိုတို့က ပွဲကြီးတွေမှာလည်း ခြေစွမ်းပြနိုင်သူတွေဖြစ်သလို၊ ဘယ်လင်ဟမ်က ဒီရာသီမှာ (၂၅) ဂိုးအထိ သွင်းခဲ့တယ်။ ဆီမီးဖိုင်နယ်ဟီးရိုး ဟိုဆေးလူကလည်း ဒီရာသီ ပြိုင်ပွဲစုံ ဂိုး (၂၀) တောင်သွင်းထားပြီး၊ ဘရာဟင်ဒီယက်ဇ်၊ အာဒါဂူလာလို ကစားသမားမျိုးတောင် နောက်ဆုံး (၅) ပွဲမှာ (၅) ဂိုးသွင်းထားတဲ့အထိ In-form ဖြစ်နေတယ်။ ဒီပွဲအတွက် ရီးယဲလ်မက်ဒရစ်က ရေပန်းစားသူဖြစ်ပြီး ဒေါ့မွန်က Underdog အနေအထားပါ။ ရီးယဲလ်က ရေပန်းစားသူနေရာကနေ ဗိုလ်လုပွဲနိုင်ပွဲတွေ ယူတဲ့အတွေ့အကြုံတွေများလို့ ရီးယဲလ်မက်ဒရစ်ပဲ ဗိုလ်စွဲသွားလိမ့်မယ်။ 

Most Read

Most Recent