ဖူလ်ဟမ်နှင့် ယှဉ်ပြိုင်ရမည့် ရာသီအဖွင့်ပွဲအတွက် ရာနှုန်းပြည့်အသင့်မဖြစ်သေးဟု တန်ဟက်ဂ် ပြောကြားခဲ့ပြီး ဒီလစ်နှင့် မာဇရာဝီတို့ ပါဝင်နိုင်မည်ဟု အတည်ပြု

ဖူလ်ဟမ်နှင့် ယှဉ်ပြိုင်ရမည့် ရာသီအဖွင့်ပွဲအတွက် ရာနှုန်းပြည့်အသင့်မဖြစ်သေးဟု တန်ဟက်ဂ် ပြောကြားခဲ့ပြီး ဒီလစ်နှင့် မာဇရာဝီတို့ ပါဝင်နိုင်မည်ဟု အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 16 August 2024

မန်ယူအသင်း၏နည်းပြ အဲရစ်တန်ဟက်ဂ်က ဖူလ်ဟမ်နှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအတွက် ရာနှုန်းပြည့်အသင့်မဖြစ်သေးဟု ပြောကြားခဲ့ပြီး ကစားသမားသစ်နှစ်ဦးဖြစ်သည့် ဒီလစ်နှင့် မာဇရာဝီတို့ ပါဝင်ကစားနိုင်မည်ဟု အတည်ပြုပြောကြားခဲ့သည်။

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယခုတစ်ပတ် စတင်မည်ဖြစ်ပြီး မန်ယူအသင်းသည် ပထမဆုံးရာသီအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် ဖူလ်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အသင်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်၌ တန်ဟက်ဂ်က ''အသင်းက အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမဲ့ လိဂ်ပြိုင်ပွဲက စပါပြီ။ ဒါကို ဖုံးကွယ်မထားနိုင်ပါဘူး။ ကျွန်တော်တို့ ရာနှုန်းပြည့်အသင့်မဖြစ်သေးပေမဲ့ အမှတ်မလျော့အောင် ကြိုးစားသွားမှာပါ။ တစ်ပွဲထက်တစ်ပွဲ တိုးတက်အောင် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ရာသီကြိုကာလတွင် ခြေစမ်းပွဲ(၅)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ (၂)ပွဲနိုင် (၃)ပွဲရှုံးနိမ့်ခဲ့သည်။

ရိန်းဂျားစ် နှင့် ဘက်တစ်ကို အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရိုစင်ဘော့၊ အာဆင်နယ်နှင့် လီဗာပူးလ်တို့ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကွန်မြူနတီဒိုင်းပွဲတွင်လည်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် မန်ယူအသင်း၏ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုအချို့ ရှိခဲ့သော်လည်း ဒီလစ်၊ မာဇရာဝီ၊ ယိုဟိုနှင့် ဇက်ဇီတို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့ခြင်းအတွက်မူ အပေါင်းလက္ခဏာဆောင်ကြောင်း ချီးကျူးမှုများ ရှိိခဲ့သည်။

ပြင်သစ်နောက်ခံလူ ယိုဟိုသည် ဒဏ်ရာပြဿနာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့် ပွဲစဉ်အချို့ကို လွဲချော်မည်ဖြစ်သော်လည်း ဘိုင်ယန်မြူးနစ်အသင်းမှ ပြောင်းရွှေ့လာသည့် ဒီလစ်နှင့် မာဇရာဝီတို့မှာမူ ဖူလ်ဟမ်နှင့် အဖွင့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။

ယင်းကစားသမားများနှင့်ပတ်သက်၍ တန်ဟက်ဂ်က ''အသင်းရဲ့လူစာရင်းမှာ သူတို့ ပါဝင်လာမှာဖြစ်သလို၊ မက်ဂွိုင်းရားလည်း ပါဝင်လာမှာပါ။ တောင့်တင်းတဲ့ ပွဲထွက်စာရင်းကို ရွေးချယ်နိုင်မှာပါ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent