ထိုင်းနိုင်ငံ၏ အာဏာရ ဖြူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် ပယ်ထုံတန်ရှင်နာဝပ်အား ရွေးချယ်

ထိုင်းနိုင်ငံ၏ အာဏာရ ဖြူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် ပယ်ထုံတန်ရှင်နာဝပ်အား ရွေးချယ်
Published 15 August 2024

ဖြူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်လိုက်သည့် ပယ်ထုံတန်ရှင်နာဝပ်အား မေ ၁၄ ရက်က တွေ့ရစဉ်(Photo: AFP)

ထိုင်းနိုင်ငံ၏ အာဏာရဖြူထိုင်းပါတီက ဘီလျံနာဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ ၃၇ နှစ်အရွယ် ပယ်ထုံတန်ရှင်နာဝပ်အား ဝန်ကြီးချုပ်လောင်းအဖြစ်ရွေးချယ်ကြောင်း သြဂုတ် ၁၅ ရက်က ကြေ ညာခဲ့သည်။

“ပယ်ထုံတန် ရှင်နာဝပ်ကို အဆိုပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်”ဟု ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြူထိုင်းပါတီ အထွေထွေအတွင်းရေးမှူး ဆိုရာဝေါင်က အတည်ပြုပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ထိပ်တန်းတရားရုံးက ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုအတွက် လက်ရှိဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင်းကို ရာထူးမှဖယ်ရှားရန် အမိန့်ချခဲ့ပြီးနောက် ဖြူထိုင်းပါတီက ဝန်ကြီးချုပ်လောင်း ရွေးချယ်ခဲ့ခြင်းဖြစ် သည်။

၆၂ နှစ်အရွယ် ဝန်ကြီးချုပ်ထာဝီဆင်းသည် ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရဖူးသည့် ပုဂ္ဂိုလ်တစ်ဦးကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ်ခန့်အပ်ကာ စည်းမျဉ်းချိုးဖောက်ခဲ့သည်ဟု ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးက သြဂုတ် ၁၄ ရက်တွင် အမိန့်ချခဲ့သည့်အတွက် အဓိကအတိုက်အခံပါတီ ဖျက်သိမ်းခံရပြီး သီတင်းတစ်ပတ်အကြာ၌ ထိုင်းနိုင်ငံ၏ နိုင်ငံရေးမရေရာမှုများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

ထိုင်းပါလီမန်သည် ဝန်ကြီးချုပ်သစ်အား မဲခွဲအတည်ပြုရန် သြဂုတ် ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားသည်။

ဆရက်ထာ၏ ဖြူထိုင်းပါတီသည် ဘုရင်စနစ် ထောက်ခံသူများ၊ စစ်တပ်ထောက်ခံသော အင်အားစုများ အပါအဝင်ပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသော အာဏာရညွန့်ပေါင်းအုပ်စုထဲတွင် အင်အားအကြီးဆုံးဖြစ် သည်။

ဖြူထိုင်းပါတီသည် ဝန်ကြီးချုပ်ရာထူးအတွက် အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်းများအဖြစ် သတ်မှတ်ထားသည့် တရားရေးဝန်ကြီးဟောင်း ချိုင်ကာဆမ်နီတီဆီရီ သို့မဟုတ် သက်ဆင်၏သမီးဖြစ်သူ ပယ်ထုံတန်ရှင်နာဝပ်တို့အနက်မှတစ်ဦးကို ဝန်ကြီးချုပ်ရာထူးအား ဆက်ခံသူအဖြစ် ရွေးချယ်မည်ဖြစ်သည်။

၎င်းတို့၏ ရွေးချယ်မှုနှင့်ပတ်သက်၍ ညွန့်ပေါင်းမိတ်ဖက်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ဖြူထိုင်းပါတီ အထွေထွေအတွင်းရေးမှူး ဆိုရာဝေါင်က ပြောကြားခဲ့သည်။

ထာဝီဆင်းသည် ဖွဲ့စည်းပုံခုံရုံး၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည့် ဖြူထိုင်းပါတီ၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်ကာ တာဝန်ထမ်းဆောင်ပြီး တစ်နှစ်နီးပါးအကြာတွင်ရာထူးမှ ဖယ်ရှားခံရခြင်းဖြစ်သည်။

မကြာသေးမီက ထိုင်းအစိုးရကို ပြန်လည်ဖွဲ့စည်းရာတွင် အဂတိလိုက်စားမှုနှင့် ဆက်နွှယ်သောပြစ်မှုတစ်ခုဖြင့် ၂၀၀၈ ခုနှစ်က ထောင်ဒဏ်ခြောက်လ ချမှတ်ခံရသည့် ရှေ့နေဟောင်းတစ်ဦးဖြစ်သူ ပီချစ်ချူအင်ဘန်ကို ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ရာမှ အဆိုပါအမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပီချစ်သည် ဘီလျံနာဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ရင်းနှီးသူဖြစ်သည်။

ထာဝီဆင်းကို မထိခိုက်စေရန်အတွက် ပီချစ်သည် မေ ၂၁ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့သော်လည်း စစ်တပ်က တင်မြှောက်ထားသော အထက်လွှတ်တော်အမတ်များ၏တိုင်ကြားမှုမှ အစပြုခဲ့သည့် ၎င်းအမှုကို ကြားနာ စစ်ဆေးရန်ဖွဲ့စည်းပုံခုံရုံးက လက်ခံခဲ့သည်။

ထိုင်းနိုင်ငံသည် ၁၉၃၂ ခုနှစ်တွင် အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုတစ်ဒါဇင်ခန့်ဖြစ်ပွားခဲ့ပြီး ဆယ်စုနှစ်များနှင့် ချီကာနိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကြုံတွေ့ ခဲ့ရသည်။  

Ref: AFP

Most Read

Most Recent