ဘာစီလိုနာကြယ်ပွင့် ယမားလ်၏ ဖခင်ဖြစ်သူ ဓားထိုးခံရသဖြင့် ဆေးရုံတင်ပို့ထားရ

ဘာစီလိုနာကြယ်ပွင့် ယမားလ်၏ ဖခင်ဖြစ်သူ ဓားထိုးခံရသဖြင့် ဆေးရုံတင်ပို့ထားရ
Photo: Goal
Photo: Goal
Published 15 August 2024

ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား လာမင်းယမားလ်၏ ဖခင်ဖြစ်သူ မူနီနာဆရာဝီသည် ဓားထိုးခံရသဖြင့် ဆေးရုံတင်ပို့ထားရကြောင်း သိရသည်။

နာဆရာဝီသည် သြဂုတ် ၁၄ ရက်ညပိုင်းက ဘာစီလိုနာမြို့အပြင်ဘက် ကီလိုမီတာ ၃၀ (၁၉ မိုင်အကွာ) ရှိ မာတာရိုမြို့ရှိ ကားပါကင်တစ်ခု၌ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခံခဲ့ရကြောင်း အမည်မဖော်ပြသည့် တရားဝင်သတင်းရင်းမြစ်များကိုကိုးကား၍ စပိန်သတင်းစာ La Vanguardia နှင့် EFE သတင်းအေဂျင်စီက ဖော်ပြသည်။

EFE သတင်းအေဂျင်စီက နာဆရာဝီအနေဖြင့် ဒဏ်ရာအများအပြားရရှိခဲ့သောကြောင့် Germans Trias i Pujol University ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားရကြောင်း ဖော်ပြပြီး La Vanguardia သတင်းစာက ၎င်း၏ ဒဏ်ရာမှာ ပြင်းထန်သော်လည်း အခြေအနေ တည်ငြိမ်ကြောင်း ဖော်ပြခဲ့သည်။

ဘာစီလိုနာရဲတပ်ဖွဲ့သည် ယင်းဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး လူအများအပြားပါဝင်သည်ဟု ယူဆရကာ ဖမ်းဆီးမှုအချို့ ပြုလုပ်ထားကြောင်း သိရသည်။

နာဆရာဝီ (၃၅ နှစ်) သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ယူရို-၂၀၂၄ ပြိုင်ပွဲချန်ပီယံ စပိန်အသင်းအတွက် ခြေစွမ်းပြကစားခဲ့သည့် သားဖြစ်သူ ယမားလ်ကို ဂျာမနီနိုင်ငံအထိ လိုက်ပါအားပေးခဲ့သည်။

ယမားလ်သည် ယူရိုပြိုင်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ခြောက်ပွဲနှင့် လူစားဝင်အဖြစ် တစ်ပွဲကစားခွင့်ရပြီး တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုလေးကြိမ်ပြုလုပ်ပေးနိုင်ခဲ့သလို အကောင်းဆုံးလူငယ်ကစားသမားဆုပါ ဆွတ်ခူးရယူနိုင်ခဲ့သည်။

Most Read

Most Recent