အောင်ပွဲခံအခမ်းအနားတွင် ဂျီဘရော်လ်တာသည် စပိန်ဖြစ်သည်ဟု ကြွေးကြော်ခဲ့သည့် ယူရိုချန်ပီယံအသင်းမှ မိုရာတာနှင့် ရိုဒရီ စွဲချက်တင်ခံရ

အောင်ပွဲခံအခမ်းအနားတွင် ဂျီဘရော်လ်တာသည် စပိန်ဖြစ်သည်ဟု ကြွေးကြော်ခဲ့သည့် ယူရိုချန်ပီယံအသင်းမှ မိုရာတာနှင့် ရိုဒရီ စွဲချက်တင်ခံရ
Photo: X
Photo: X
Published 25 July 2024

ယူရို-၂၀၂၄ ပြိုင်ပွဲချန်ပီယံ စပိန်အသင်း ၏အောင်ပွဲခံအခမ်းအနားတွင် ကြွေးကြော်သံနှင့်ပတ်သက်ပြီး စပိန်အသင်းခေါင်းဆောင် မိုရာတာနှင့် ဒုတိယအသင်းခေါင်းဆောင် ရိုဒရီတို့ကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က စွဲချက်တင်ခဲ့သည်။

၎င်းတို့သည် အောင်ပွဲခံအခမ်းအနားတွင် ဂျီဘရော်လ်တာသည် စပိန် ဖြစ်သည်ဟု ကြွေးကြော်ခဲ့ကြခြင်းဖြစ်သည်။

ဇူလိုင်လ(၁၅)ရက်က မက်ဒရစ်မြို့ရှိ Cibeles Square တွင် ပြုလုပ်ခဲ့သော အောင်ပွဲခံအခမ်းအနားတွင် ကြွေးကြော်ခဲ့ပြီး မိုရာတာသည် ထောင်နှင့်ချီသော ပရိသတ်များအားလည်း လိုက်ဆိုရန် တိုက်တွန်းခဲ့သည်။

ဂျီဘရော်လ်တာဘောလုံးအဖွဲ့ချုပ်(GFA)က ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး UEFA ထံ ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

GFA က ယူရို-၂၀၂၄ ပြိုင်ပွဲချန်ပီယံ စပိန်အသင်း၏လုပ်ဆောင်ပုံသည် ရန်စပြီး စော်ကားသော အပြုအမူအဖြစ် မှတ်ယူပါကြောင်းနှင့် ဘောလုံးလောကတွင် ယင်းကဲ့သို့ အပြုအမူမျိုး မရှိသင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

UEFA ၏စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး မကြာမီအချိန်အတောအတွင်း ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျီဘရော်လ်တာသည် စပိန်နိုင်ငံ၏ တောင်ဘက်အစွန်ဆုံးရှိ နယ်မြေငယ်တစ်ခု ဖြစ်ကာ (၁၈)ရာစုကတည်းက ဗြိတိန်အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး စပိန်နိုင်ငံကမူ သူ့လက်အောက်သို့ ပြန်လည်ဝင်ရောက်ရန်အတွက် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဖိတ်ခေါ်မှုများလည်း ရှိခဲ့သည်။

ဂျီဘရော်လ်တာအနေဖြင့် ၂၀၁၃ ခုနှစ်ကတည်းက UEFA ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ပြီး ပြိုင်ပွဲများ ကစားနေလျက်ရှိသည်။

Most Read

Most Recent