ရုရှားကာကွယ်ရေးဝန်ကြီးနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ ယူကရိန်းအရေးကို ဖုန်းဆက်ဆွေးနွေး

ရုရှားကာကွယ်ရေးဝန်ကြီးနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ ယူကရိန်းအရေးကို ဖုန်းဆက်ဆွေးနွေး
ရုရှားကာကွယ်ရေးဝန်ကြီး(ဝဲ)နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး(ယာ)တို့ကို တွေ့ရစဉ်(Photo:AFP)
ရုရှားကာကွယ်ရေးဝန်ကြီး(ဝဲ)နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး(ယာ)တို့ကို တွေ့ရစဉ်(Photo:AFP)
Published 27 June 2024

ရုရှားကာကွယ်ရေးဝန်ကြီး အင်ဒရေဘယ်လူဆော့နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ သည် ဇွန် ၂၅ ရက်တွင် ယူကရိန်း ပဋိပက္ခကို ဖုန်းဆက်ဆွေးနွေးခဲ့ကြသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းကို စစ်ရေးအကူအညီ အများဆုံးပေးထားသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် အမေရိကန်သည် ယူကရိန်းစစ်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည်ဟု ရုရှားက စွပ်စွဲ ပြောကြားထားသည်။

ဘယ်လူဆော့နှင့်အော်စတင်တို့သည် ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး အမေရိကန်ဘက်က မေတ္တာရပ်ခံခြင်းကြောင့် ကာကွယ်ရေးဝန်ကြီးနှစ်ဦး ဖုန်းဆက်ဆွေးနွေးခြင်းဖြစ်သည်ဟု  ဆိုသည်။

“ ယူကရိန်းတပ်ဖွဲ့များထံ အမေရိကန်လက်နက်များကို ဆက်လက်ထောက်ပံ့နေခြင်းနဲ့အတူ ဆက်စပ်ဖြစ်ပေါ်တဲ့ အခြေအနေ တင်းမာမှုတွေရဲ့အန္တရာယ်ကို အင်ဒရေဘယ် လူဆော့က ထောက်ပြဆွေးနွေးခဲ့ပါတယ်။  အခြားပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်”ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ပက်ရိုက် ဒါက ထုတ်ပြန်ခဲ့သည်။ ရုရှား၏ယူကရိန်းနှင့်ဖြစ်ပွားနေဆဲစစ်ပွဲတွင် ဆက်သွယ်ရေး လမ်းကြောင်းများကို ထိန်းထားရေးသည် အရေးကြီးသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပက်ရိုက်ဒါက ဖော်ပြထားသည်။

မေလတွင် ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဘယ်လူဆော့နှင့် အော်စတင်၏ပထမဆုံး ဖုန်းခေါ်ဆိုမှုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ယူကရိန်းကို စစ်ရေးထောက်ပံ့မှုများ ဆက်လက်ပေးနေသည့်အတွက် အမေရိကန်ကို ရုရှားက ဝေဖန်ခဲ့သည်။ ယူကရိန်းမြို့ ခါကိဗ်အနီးရှိ ရုရှားနယ်မြေများကို အမေရိကန်တာဝေးပစ်ဒုံးကျည်များအသုံးပြု၍ တိုက်ခိုက်ရန် အမေရိကန်က မကြာသေးမီက ယူကရိန်းကို ခွင့်ပြုပေးခဲ့သည်။

ဇွန် ၂၄ ရက်တွင် ရုရှားက အကျိုးဆက်များနှင့်ပတ်သက်၍ အမေရိကန်ကို သတိပေးခဲ့သည်။  ခရိုင်းမီးယားကို အမေရိကန်လုပ် ဒုံးကျည်ဖြင့် ယူကရိန်းတိုက်ခိုက်ခဲ့ခြင်းကြောင့် လူလေးဦးသေဆုံးသွားခဲ့ပြီးနောက် ရုရှားက အမေရိကန်သံအမတ်ကို ဆင့်ခေါ်ခဲ့သည်။

ထိုအချိန်တွင် ယူကရိန်းသားများသည်  သူတို့၏ဆုံးဖြတ်ချက်များကို သူတို့ဘာသာ ချမှတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပက်ရိုက်ဒါက ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူးတေလာက စစ်ပွဲဖြစ်ပွားနေခြင်းအတွက် ရုရှားကို အပြစ်တင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရုရှားကတစ်ဖက် သတ်သိမ်းယူခဲ့သော ခရိုင်းမီးယားသည် ယူ ကရိန်းပိုင်နက်ဖြစ်သည်ဟုပြောနေသော ကမ္ဘာ့နိုင်ငံအများစု၏သဘောထားကို ထပ်လောင်းပြောကြားခဲ့သည်။

အနောက်အုပ်စုက ယူကရိန်းသို့လက်နက်များပေးပို့ခြင်းသည် ရုရှားအတွက် ဒေါသထွက်စရာကိစ္စဖြစ်သည်။

ရုရှားသည် အနောက်အုပ်စု၏ရန်သူများကို အဘယ်ကြောင့် လက်နက်များ မပံ့ပိုးရမှာလဲဟု ယခုလထဲတွင် နိုင်ငံတကာသတင်းဌာနများနှင့်တွေ့ဆုံရာတွင် ရုရှားသမ္မတဗ လာဒီမာပူတင်က မေးခွန်းထုတ်ခဲ့သည်။

ရုရှားသည် အနောက်အုပ်စု၏ ရန်သူများရှိရာနိုင်ငံများကို အဘယ်ကြောင့် လက်နက်များ ထောက်ပံ့ခွင့်မရှိရမှာလဲဟု ပူတင်က မေးခွန်းထုတ်ခဲ့သည်။

မြောက်ကိုရီးယားကို လက်နက်များ ထောက်ပံ့မည့်ကိစ္စအား ထည့်မစဉ်းစားဘဲမနေဟု ပူတင်က ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent