တရုတ်၏ ဖိအားများကို ဦးညွှတ်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား

တရုတ်၏ ဖိအားများကို ဦးညွှတ်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား
ဇွန် ၁၉ ရက်က တိုင်ပေမြို့တော်ရှိ ထိုင်ဝမ်သမ္မတရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် လိုင်ချင်တယ်ကို တွေ့ရစဉ်(Photo:AFP)
ဇွန် ၁၉ ရက်က တိုင်ပေမြို့တော်ရှိ ထိုင်ဝမ်သမ္မတရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် လိုင်ချင်တယ်ကို တွေ့ရစဉ်(Photo:AFP)
Published 20 June 2024

တရုတ်သည်  ထိုင်ဝမ်ကို အညံ့ခံစေရန် အင်အားသုံးလုပ်ဆောင်ရန်ကြိုးပမ်းနေသော်လည်း တရုတ်၏ ဖိအားများကို ဦးညွှတ်သွားမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်က ဇွန် ၁၉ ရက်တွင် ပြောကြား ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် ကြေညာထားပြီး တရုတ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေရန် အင်အားအသုံးပြုရမည့်အခြေအနေကို မည်သည့်အခါ မျှ စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် လိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲပြီးနောက် သုံးရက်အကြာတွင် အင်အားပြသည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မှုအပါအဝင်  မကြာသေးမီနှစ်များအတွင်း တရုတ်သည် ထိုင်ဝမ်အစိုးရအပေါ် စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်ခဲ့သည်။

ထိုင်ဝမ်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် ပထမဆုံးလအတွင်း  ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လိုင်က  ထိုင်ဝမ်ကို သိမ်းပိုက်ရေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားရေး မူဝါဒတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

“စစ်အင်အားအပြင် သူတို့တွေဟာ ထိုင်ဝမ်ကို အညံ့ခံစေဖို့အတွက် အင်အားသုံး ကြိုးပမ်းဖို့ ပုံမှန်မဟုတ်တဲ့ အကျပ်ကိုင်တဲ့ နည်းလမ်းတွေကို ပိုပြီးအသုံးပြုလာပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ထိုင်ဝမ်ကတော့ အဲဒီဖိအားတွေကို ဦးညွှတ်သွားမှာမဟုတ်ပါဘူး။ ထိုင်ဝမ်လူထုဟာ အမျိုးသားအချုပ်အခြာအာဏာကို ပြတ်ပြတ်သားသားကာကွယ်သွားမှာဖြစ်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဘဝနေထိုင်မှုပုံစံကို ဆက်လက်ထိန်းသိမ်းသွားမှာပါ”ဟု လိုင်က ပြောကြားခဲ့သည်။

တရုတ်သည် လိုင်၏ မေ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး လိုင်၏ ကျမ်းကျိန်ပွဲမိန့်ခွန်းသည် ထိုင်ဝမ်လွတ်လပ်ရေးကို ထုတ်ဖော်ပြောကြားခြင်းဖြစ်သဖြင့် ထိုမိန့်ခွန်းပြောကြားမှုကို အပြစ်ပေးသည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Sword-2024 A ဟုအမည်ပေးထားသည့် သုံးရက်ကြာစစ်ရေးလေ့ကျင့်မှုတွင် စစ်သင်္ဘောများ၊ တိုက်လေယာဉ်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများဖြင့် ထိုင်ဝမ်ကျွန်းကို ၀ိုင်းပတ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်ကို ထိန်းချုပ်ရန် ၎င်း၏ စွမ်းဆောင်ရည်ကို စမ်းသပ်ခြင်းဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုများအပြီးတွင် တရုတ်က ထိုင်ဝမ်၏ လွတ်လပ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင် နေသမျှကာလပတ်လုံး စစ်ရေးဖိအားများ တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်နှင့် စစ်ပွဲဖြစ်ပွားရန်ကြိုးပမ်းနေခြင်းမရှိကြောင်း ဇွန် ၁၇ ရက်က ပြောကြားခဲ့သည်။

တရုတ်က စတင်တိုက်ခိုက်လာလျှင် ထိုင်ဝမ် ပြိုလဲသွားနိုင်သည်ဟူသော အရှုံးပေးလိုစိတ်ကိုလည်း လက်သင့်မခံရန် လိုင်က ဇွန် ၁၆ ရက်တွင် ထိုင်ဝမ်စစ်သင်တန်းဆင်း ဗိုလ်လောင်းများကို မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့သည်။

တရုတ်၏ ဖိအာများမြင့်တက်နေချိန် တွင် ထိုင်ဝမ်သည် မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှုများကို ခိုင်မာစေရန်လုပ်ဆောင်လျက်ရှိပြီး ၎င်း၏ အဓိက မိတ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်ထံမှ လက်နက် ဝယ်ယူမှုများကို အရှိန်မြှင့်တင်ခဲ့သည်။

Ref:AFP

Most Read

Most Recent