လာဘ်ရွှင် ကံကောင်းစေသော တောက်တဲ့၏ဒဏ္ဍာရီ

လာဘ်ရွှင် ကံကောင်းစေသော တောက်တဲ့၏ဒဏ္ဍာရီ
Published 10 June 2024

ထိုင်းနိုင်ငံ ဖီမိုင်းတွင်နေထိုင်သည့် ထီပေါက်သူသည် သူ၏အကျိုးပြုသော အမြှီးနှစ်ခွတောက်တဲ့အတွက် ရွှေဆွဲကြိုးတစ်ကုံးဝယ်ပေးခဲ့သည်။ သူသည် ထိုတောက်တဲ့ကို လွန်ခဲ့သော သီတင်းသုံးပတ်ကျော်လောက်တွင် အမှတ်မထင်တွေ့ခဲ့ခြင်းဖြစ်သည်။ ကံကောင်းစေမည်ဟု ယုံကြည်သောကြောင့် တောက်တဲ့ကို အိမ်သို့ ဖမ်းယူလာခဲ့သည်။

အသက် ၄၂ နှစ်အရွယ် ဆောင်လုပ်ရေး ကန်ထရိုက်တာ ဂျိန်းချန်တာကူသည် မေ ၂၀ ရက် တွင် ဖောက်သည်တစ်ဦး၏အိမ်၌ အလုပ်လုပ်နေစဉ် ကွန်ကရစ်ဖျော်သော စည်ပိုင်းထဲ၌ အမြှီးနှစ်ခွ တောက်တဲ့ကို တွေ့ခဲ့ခြင်းဖြစ်ပြီး တောက်တဲ့၏ထူးခြားသောခန္ဓာကိုယ်ကို မြင်ရသည့်အခါ သူသည် အံ့အားသင့်ခဲ့ရသည်။ သို့ရာတွင် တောက်တဲ့ကို တွေ့ရခြင်းသည် နိမိတ်ကောင်းသည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် ဂျိန်းသည် တောက်တဲ့ကို အိမ်ပိုင်ရှင်ထံယူသွားခဲ့သည်။ အိမ်ရှင်က သူ့အားတောက်တဲ့ကိုယူသွားခွင့်ပေးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးခွင့်ပေးခဲ့သည်။

“အဲဒီတောက်တဲ့ကို တွေ့ချိန်မှာ တောက်တဲ့ဟာ နိမိတ်ကောင်းစေတဲ့အရာလို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော့်မိသားစုအတွက် ကံကောင်းတာတွေဖြစ်စေမယ့် တောက်တဲ့လို့ ခံစားခဲ့ရပါတယ်။ ဒါကြောင့် ကံကောင်းစေဖို့ဆိုပြီး ကျွန်တော်ဟာ တောက်တဲ့ကို အိမ်ယူပြီး မွေးခဲ့တာဖြစ်ပါတယ်”ဟု ၎င်းက  ပြောသည်။

လတစ်လ၏ ပထမဆုံးနေ့ဖြစ်သော ဇွန် ၁ ရက်(စနေနေ့)တွင် ထီပေါက်စဉ်ကြေညာသည့်အခါ မစ္စ တာဂျိန်းသည် ထိုင်းအစိုးရထီ၏ နောက်ဆုံးဂဏန်းနှစ်လုံးတူဆု ပေါက်ခဲ့ပြီး ဆုကြေး ဘတ်ငွေ ၂၈,၀၀၀ ရရှိခဲ့သည်။ ပေါက်ဂဏန်းမှာ ၄၂ ဖြစ်သည်။ သူသည်ထီလက်မှတ် ၁၄ စောင်ထိုးခဲ့သည်။ထီလက်မှတ်တစ် စောင်အတွက်ဆု ကြေးသည် ဘတ် ၂,၀၀၀ ဖြစ်ရာ စုစုပေါင်း ၁၄ စောင်အတွက် ဆုငွေ ဘတ် ၂၈,၀၀၀ ရရှိသည်။

သမ်မာဆက်တက္ကသိုလ်ရှိ စာရင်းအင်းပညာရှင်တစ်ဦးက လွန်ခဲ့သောနှစ်တွင် ထုတ်ပြန်ခဲ့သော လေ့ လာချက်တစ်ခု၌ နောက်ဆုံးဂဏန်းတူဆုမှ ဆုငွေဘတ် ၂,၀၀၀ ပေါက် ရန်ဖြစ်နိုင်ခြေသည် အကြိမ် ၁၀၀ ထိုးပါက တစ်ကြိမ်သာပေါက်ရန် အခွင့်အလမ်းရှိသည်ဟုဆိုသည်။ ထို့ကြောင့် လူတစ်ယောက်သည် နောက်ဆုံးဂဏန်းတူနှစ်လုံးကို အကြိမ် ၁၀၀ ဆက်တိုက်ထိုးမည်ဆိုပါက တစ်ကြိမ်သာပေါက်မည့် သ ဘောဖြစ်သည်။ နောက်ဆုံးဂဏန်း နှစ်လုံးတူဆုကိုဆွတ်ခူးရန် လူတစ်ယောက်သည် လေးနှစ်နှင့်နှစ်လခန့် ဆက်တိုက် ထီထိုးရမည်ဖြစ်သည်။

ထီပေါက်သည့်အတွက် ကျေးဇူးရှင်အမြှီးနှစ်ခွ တောက်တဲ့လေးကို ချီးကျူးသည့်အနေဖြင့် သူသည် ရွှေ ဆိုင်ကို သွားခဲ့ပြီး တောက်တဲ့လေးအတွက် ဘတ် ၅,၁၀၀ တန် ရွှေဆွဲကြိုးလေး လုပ်ပေးခဲ့သည်။

“ကျွန်တော့်အသက်နံပါတ်ဖြစ်တဲ့ ၄၂ ဂဏန်းပါတဲ့ ထီလက်မှတ်ကို ထိုးခဲ့တာဖြစ်ပါတယ်။ထီပေါက် တာဟာတောက်တဲ့က  ကံကောင်းအောင်လုပ်ပေးတယ်လို့ တကယ်ထင်ပါတယ်။ ဇွန် ၁၆ ရက်မှာ နောက်တစ်ကြိမ် ထီထွက်တဲ့အခါ ထီထပ်ပေါက်စေဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့တောက်တဲ့ကိုအတတ်နိုင်ဆုံး အကောင်းဆုံးစောင့်ရှောက်သွားမှာပါ”ဟု ၎င်းကပြောသည်။

အာရှနိုင်ငံအချို့သည် တောက်တဲ့ကို ကံကောင်းစေသော အကောင်ဟု ယူဆထားကြသည်။ တောက်တဲ့တို့သည် တောပိုင်းအရပ်ဒေသတို့တွင် အတွေ့ရများသော တွားသွားသတ္တဝါများဖြစ်ကြသည်။

တောက်တဲ့သည် အိမ်မြှောင်မျိုးနွယ်ဝင်များဖြစ်ပြီး မျိုးစိပ် ၁,၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။ တောက် တဲ့တို့သည် နူးညံ့သော အရေပြားများရှိပြီး အရှည်မှာ သုံးစင်တီမီတာ မှ ၁၅ စင်တီမီတာ(၁ ဒသမ ၂ လက်မမှ ခြောက်လက်မ) အထိရှိကြသည်။

၎င်းတို့သည် ကန္တာရများမှသည် တောပိုင်များအထိအလိုက်သင့် နေထိုင်တတ်သော သတ္တဝါများ ဖြစ်သည်။ တောက်တဲ့မျိုးစိပ်အချို့သည် လူတို့နေထိုင်သည့် နေရာများတွင် နေထိုင်တတ်ကြသည် တောက်တဲ့အများ စုသည် ပိုးမွှားအင်းဆက်များကို စားကြသည်။

ကမ္ဘာ့ပူနွေးဒေသများတွင် တောက်တဲ့ကို အများဆုံးတွေ့ရသည်။ တောက်တဲ့မျိုးစိပ်အချို့ကို အန်တာတိက တိုက်မှလွဲ၍ ကမ္ဘာ့တိုက်ကြီးအားလုံးတွင် တွေ့ရသည်။ တောက်တဲ့အရောင်တို့သည် မီးခိုးရောင်၊ အညိုရောင်၊ အဖြူညစ်ညစ် အရောင်တို့ဖြစ်နေတတ်ပြီး မာဒါဂက်စကာ တောက်တဲ့သည် နေခင်းပိုင်းတွင် အစိမ်းတောက်တောက် အရောင်ရှိသည်။

အရှေ့တောင်အာရှနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့တွင် တွေ့ရသော တောက်တဲ့မျိုးစိပ်များသည် အကောင်ကြီးမျိုးဖြစ်ပြီး တောက်တဲ့ တစ်ကောင်၏အရှည်မှာ ၂၅ မှ ၃၅ စင်တီမီတာ( ၁၀ မှ ၁၄ လက် မ)အထိ ရှိသည်။ တောက်တဲ့တို့သည် လာဘ်ရွှင် နိမိတ်ကောင်းစေသော သတ္တဝါများဖြစ်သည်ဟု အာရှဘက်က ယူဆထားကြသည်။

                        Ref:Bangkok Post               

 

Most Read

Most Recent