လာမည့်သုံးနှစ်အတွင်း အာဖရိကဒေသအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ကျော် ထောက်ပ့ံမည်ဟု သမ္မတရှီကျင်းပင် ကတိပြု

လာမည့်သုံးနှစ်အတွင်း အာဖရိကဒေသအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ကျော် ထောက်ပ့ံမည်ဟု သမ္မတရှီကျင်းပင် ကတိပြု
စက်တင်ဘာ ၅ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပသည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (FOCAC) ဖွင့်ပွဲအခမ်းအနား၌ တရုတ်သမ္မတရှီကျင်းပင် မိန့်ခွန်းပြောကြားစဉ်(Photo: AFP)
စက်တင်ဘာ ၅ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပသည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (FOCAC) ဖွင့်ပွဲအခမ်းအနား၌ တရုတ်သမ္မတရှီကျင်းပင် မိန့်ခွန်းပြောကြားစဉ်(Photo: AFP)
Published 5 September 2024

လာမည့်သုံးနှစ်တာကာလအတွင်း အာဖရိကဒေသအတွက် အမေရိကန်ဒေါ်လာ ၅၀ ဘီလျံကျော် ထောက်ပံ့မည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က စက်တင်ဘာ ၅ ရက်တွင် ကတိပြုခဲ့သည်။

COVID-19 ကပ်ရောဂါကာလနောက်ပိုင်း တရုတ်နိုင်ငံ၏ အကြီးမားဆုံးထိပ်သီး အစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် ရှီက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ကာ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေးကဏ္ဍတို့တွင် အာဖရိကနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟုလည်း ၎င်းက ကတိပြုခဲ့သည်။

ယခုသီတင်းပတ်၌ ကျင်းပလျက်ရှိသော တရုတ်-အာဖရိက ဖိုရမ်သို့ အာဖရိကနိုင်ငံများမှ ခေါင်းဆောင် ၅၀ ကျော်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့ တက်ရောက်လျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

အာဖရိကခေါင်းဆောင်များသည် အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ သတ္တုတွင်းလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် စွမ်းအင် ကဏ္ဍတို့၌ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင် ရွက်ရေးအတွက် သဘောတူညီချက်များ ရယူခဲ့ပြီးဖြစ်သည်။

စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ ကြီးကျယ်ခမ်းနားသော ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပသည့် တရုတ်- အာဖရိက ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ အာဖရိက ခေါင်းဆောင်များအား မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီက တရုတ်-အာဖရိက ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အကောင်းဆုံးကာလတွင် ဆက်လက်တည်ရှိနေသည်ဟု ဂုဏ်ပြုပြောကြားခဲ့သည်။

“တရုတ်နိုင်ငံဟာ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာ အာဖရိက နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အသင့်ရှိနေပါတယ်”ဟု ရှီက ဆိုသည်။

“လာမယ့် သုံးနှစ်တာအတွင်း တရုတ် အစိုးရဟာ ယွမ် ၃၆၀ ဘီလျံ (အမေရိကန်ဒေါ် လာ ၅၀ ဒသမ ၇ ဘီလျံ) ပမာဏရှိတဲ့ ဘဏ္ဍာရေးအထောက်အပံ့တွေပေးဖို့ တရုတ်အစိုးရက ဆန္ဒရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ပမာဏ၏ ထက်ဝက်ကျော်သည် ချေးငွေဖြစ်ကာ ဒေါ်လာ ၁၁ ဘီလျံအား ပုံစံအမျိုးမျိုးဖြင့် ထောက်ပံ့သွားမည်ဖြစ်ပြီး ဒေါ်လာ ၁၀ ဘီလျံကိုမူ အာဖရိက၌ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလာအောင် အားပေးရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် အာဖရိက၌ အနည်းဆုံး အလုပ်အကိုင်တစ်သန်း ဖန်တီးပေးမည်ဟုလည်း ရှီက ကတိပြုခဲ့သည်။

အဆိုပါဖိုရမ်၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မိန့်ခွန်းပြောကြားရာတွင် တရုတ်နှင့် အာဖရိကအကြား ဆက်ဆံရေး ပိုမိုအား ကောင်းလာခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အလုံးစုံပြောင်းလဲရေးအတွက် မောင်းနှင်အားဖြစ်လာနိုင်သည်ဟု ထည့် သွင်းပြောကြားခဲ့သည်။

“ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အပါအဝင် တရုတ်နိုင်ငံရဲ့ အံ့အားသင့်ဖွယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းဟာ ကြွယ်ဝတဲ့ အတွေ့အ ကြုံတွေနဲ့ ကွျွမ်းကျင်မှုတွေကို ထောက်ပံ့ပေးနေတယ်” ဟုလည်း ဂူတာရက်စ်က ဆိုသည်။

တရုတ်သည် အာဖရိက၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်ကာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆၇ ဒသမ ၈ ဘီလျံရှိခဲ့သည်။  

Ref: AFP

Most Read

Most Recent