ဘင်္ဂလားဒေ့ရှ်တွင် တရားသူကြီးချုပ်နှင့် ဗဟိုဘဏ်အကြီးအကဲ ရာထူးမှ နုတ်ထွက်

ဘင်္ဂလားဒေ့ရှ်တွင် တရားသူကြီးချုပ်နှင့် ဗဟိုဘဏ်အကြီးအကဲ ရာထူးမှ နုတ်ထွက်
သြဂုတ် ၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် ဆန္ဒပြနေသူများကို တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် ဆန္ဒပြနေသူများကို တွေ့ရစဉ်(Photo:AFP)
Published 11 August 2024

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ပြည်ပသို့ ထွက်ပြေးစေခဲ့သော ကျောင်းသားဆန္ဒပြမှုများသည် ဟာဆီနာအစိုးရလက်ထက်အတွင်း ခန့်အပ်ထားသည့် တာဝန်ရှိသူများ ရာထူးမှနုတ်ထွက်ရန် ပစ်မှတ်ထားလာ ချိန်တွင် တရားသူကြီးချုပ်နှင့်ဗဟိုဘဏ် အကြီးအကဲတို့ ရာထူးမှ နုတ်ထွက်သွားကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တရားသူကြီးချုပ် အိုဘိုင်ဒူလ်ဟက်ဆန်အနေဖြင့် ရာထူးမှ မနုတ်ထွက်လျှင် ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း ကျောင်းသားများက သတိပေးခဲ့ပြီးနောက် ဟက်ဆန်က နုတ်ထွက်ကြောင်း ကြေညာခဲ့ သည်ဟု တရားရေးဝန်ကြီးဌာနအကြံပေး အဆစ်ဖ်နက်ဇ်ရူးလ်က လူမှုမီဒီယာ Facebook တွင် တင်ထားသော ဗီဒီယိုတစ်ခု၌ ပြောကြားခဲ့သည်။

ကြားဖြတ်အစိုးရသစ်တွင် အကြံပေးတစ်ဦးအဖြစ် တာဝန်ယူထားသည့် နက်ဇ်ရူးလ်က ဆန္ဒပြသူများကို ငြိမ်းချမ်းစွာ နေထိုင်ကြရန် တိုက်တွန်းခဲ့သည်။“ပြည်သူပိုင်ပစ္စည်းတွေကို မဖျက်ဆီးပါနဲ့”ဟု၎င်းက ပို့စ်တွင်ပြော ကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အက်ဒူရာ ရုဖ်တာလွတ်ဒါကလည်း ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း ၎င်း၏နုတ်ထွက်မှုအား လက်ခံခြင်း မပြုရသေးကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအကြံပေး ဆာလာဟူဒင်အာ မက်က ပြောကြားခဲ့သည်။

အစောပိုင်းရက်များက ဘဏ်တာဝန်ရှိသူ အယောက် ၃၀၀ မှ ၄၀၀ ခန့်က ထိပ်သီးတာဝန်ရှိသူများသည် အကျင့်ပျက်ခြစားမှုများ ရှိသည်ဟုဆိုကာ ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်ထောက်အုပ်ချုပ်ရေးမှူးလေးဦးကို ရာထူးမှ နုတ်ထွက်ရန် တွန်းအားပေးခဲ့သည်။

ဒါကာတက္ကသိုလ်၏ လက်ထောက်အုပ်ချုပ်ရေးမှူး အေအက်စ်အမ် မက်ဆွတ်ကာမယ်က ရာထူးကနုတ်ထွက်ခဲ့သည်ဟု တက္ကသိုလ်က ပြောကြားခဲ့သည်။

ဇူလိုင်လတွင် စတင်ဖြစ်ပွားခဲ့သည့် အစိုးရအလုပ်အကိုင် ခွဲတမ်းသတ်မှတ်ချက်ကို ဆန့်ကျင်သော ဆန္ဒပြမှုများ၏ ဗဟိုချက်သည် တက္ကသိုလ်ဖြစ်သည်။

ဆန္ဒပြမှုများကြောင့် လူ ၃၀၀ ခန့် သေဆုံးခဲ့ပြီးနောက် ဟာဆီနာသည် ရာထူးမှနုတ်ထွက်ကာ သြဂုတ် ၅ ရက်ကတည်းက နယူးဒေလီတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

ဟာဆီနာနိုင်ငံတွင်းမှ ထွက်ခွာခဲ့ပြီးနောက် လုံခြုံရေးအခြေအနေကို ပြန်လည်တည်ငြိမ်ရန် ရဲအရာရှိချုပ် အသစ်တစ်ဦးနှင့် နည်းပညာပိုင်းဆိုင်ရာ ထောက်လှမ်းစောင့်ကြည့်ရေး အေဂျင်စီအကြီးအကဲအသစ်ကို ခန့်အပ်ခဲ့သည့်အပြင် အကြီးတန်းစစ်တပ်အရာရှိများအကြား အပြောင်းအလဲများရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ၁၅ နှစ်ကြာ အာဏာသက်တမ်းကို အဆုံးသတ်စေခဲ့သည့် ကျောင်းသားများ ဦးဆောင်သည့် ဆူပူအုံကြွမှုဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်သည် သြဂုတ် ၈ ရက်တွင် ယာယီအစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးမည်ဟု ကတိပြုခဲ့သည်။

အသေးစား ချေးငွေလုပ်ငန်းကို ရှေ့ဆောင်လမ်းပြ လုပ်ကိုင်ခဲ့မှုကြောင့် ၂၀၀၆ ခုနှစ်တွင် နိုဘယ်ဆုရရှိခဲ့သည့် ယူနွတ်ကို ယာယီအစိုးရအဖွဲ့အား ဦးဆောင်စေရန် ကျောင်းသားများ၏ တောင်းဆိုမှုကို စစ်တပ်က သဘောတူညီခဲ့သည်။ ၎င်း၏အစိုးရအဖွဲ့အတွင်း ဝန်ကြီးရာထူးများမဟုတ်ဘဲ အကြံပေးရာထူးများဖြင့် ခန့်အပ်ခံထားရသည့် ဒါဇင်နှင့်ချီသည့် အဖွဲ့ဝင်များလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။                                Ref:AFP

Most Read

Most Recent