ဥရောပသမဂ္ဂ(အီးယူ)၏အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရုရှားမဟာမိတ် ဟန်ဂေရီ ဆောင်ရွက်ခြင်းကို ဥရောပသံတမန်များ စိုးရိမ်နေ

ဥရောပသမဂ္ဂ(အီးယူ)၏အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရုရှားမဟာမိတ် ဟန်ဂေရီ ဆောင်ရွက်ခြင်းကို ဥရောပသံတမန်များ စိုးရိမ်နေ
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက် ပေကျင်းတွင်ပြုလုပ်သည့်  The Belt and Road ဖိုရမ်၌ အော်ဘန်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့တွေ့ဆုံခဲ့ပုံကို တွေ့ရစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက် ပေကျင်းတွင်ပြုလုပ်သည့်  The Belt and Road ဖိုရမ်၌ အော်ဘန်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့တွေ့ဆုံခဲ့ပုံကို တွေ့ရစဉ်(Photo: AFP)
Published 2 July 2024

၂၀၁၂ ခုနှစ်တွင် ဟန်ဂေရီဝန်ကြီးချုပ်အဖြစ် အာဏာပြန်ရလာကတည်းက ဟန်ဂေရီမျိုးချစ်ခေါင်းဆောင် ဗစ်တာအော်ဘန်နှင့်  အမြဲတမ်းသဘောထားမတိုက်ဆိုင်ဖြစ်နေကြသောသံတမန်များသည် ဟန်ဂေရီက ဥရောပသမဂ္ဂ(အီးယူ)၏ခြောက်လကြာ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဇူလိုင် ၁ ရက်တွင် လွှဲယူလိုက်ခြင်းနှင့်ပတ်သက်၍ ပူပန်လျက်ရှိသည်ဟု သိရသည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်သည် ရုရှားကယူကရိန်းကို ကျူးကျော်နေသည့်တိုင် ရုရှားနှင့်ရင်းနှီးသောဆက်ဆံရေးများကို ထိန်းသိမ်းထားသည့် တစ်ဦးသော အီးယူခေါင်းဆောင်ဖြစ်သည်။

အော်ဘန်သည်  ယူကရိန်းသို့လက်နက်များပေးပို့ခြင်းကို ငြင်းဆန်ထားသူဖြစ်ပြီး အပစ်အခတ်ရပ်စဲရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုထားသည်။ ထို့အပြင် အီးယူအဖွဲ့ထဲတွင် ၎င်းသည် ငြိမ်းချမ်း ရေးအတွက်တစ်ဦးတည်း တိုက်ပွဲဝင်နေသူဖြစ်သည်ဟု ပြောကြားထားသူဖြစ်သည်။

အီးယူအဖွဲ့ထဲက သက်တမ်းအရှည်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်သော အသက် ၆၁ နှစ်အရွယ် အော်ဘန်သည် ရုရှားကို ပိတ်ဆို့မှုများ ချမှတ်ခြင်းအား ဆန့်ကျင်နေသူဖြစ်သည်။ အီးယူအဖွဲ့သို့ယူကရိန်းဝင်ရောက် ရေးနှင့်သက်ဆိုင်သော ဆွေးနွေးမှုများကို ၎င်းက တားဆီးခြင်းမပြုသော်လည်း ယူကရိန်း၏အီးယူ ရည်မှန်းချက်များကို အတိုက်အခံလုပ်နေသူဖြစ်သည်။

ဟန်ဂေရီသည် အီးယူအဖွဲ့ထဲတွင် အငြင်းပွားစရာကောင်းသော သဘောထားရပ်တည်ချက်များကို ချမှတ်ဆောင်ရွက်ရာတွင် အရသာတွေ့ပုံရသည့် နိုင်ငံဖြစ်သည်။ ထို့အပြင် Make Europe Great Again ဟူ သော ဆောင်ပုဒ်ဖြင့် အီးယူဥက္ကဋ္ဌတာဝန်ကို  ရယူခဲ့သည်။ ယင်းဆောင်ပုဒ်ကြောင့် ဝန်ကြီးချုပ်အော်ဘန်သည် မိတ်ဆွေဖြစ်သော အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်နှင့် တစ်သဘောတည်းဖြစ်သည်ဟု ဆိုနိုင်သည်။

အရှေ့ပိုင်းကို လမ်းဖွင့်ခြင်းဟူသော မူဝါဒအရ အော်ဘန်သည် တရုတ်နှင့်ရင်းနှီးသော ဆက်ဆံရေးများကို ထူထောင်ရန် ကြိုးပမ်းနေသည်။

ဗစ်တာအော်ဘန်သည် ရွှေ့ပြောင်းကိစ္စများကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ထားသူဖြစ်ပြီး ခိုလှုံခွင့်ကို ကန့်သတ်ထားသူဖြစ်သည်။ အီးယူ၏ခိုလှုံခွင် ဥပဒေကို မလိုက်နာခြင်း၊ ရွှေ့ပြောင်းများကို တရားမဝင်အားဖြင့်ပြန်ပို့ခြင်းတို့ကြောင့် ဇွန်လထဲတွင် အီးယူ၏ထိပ်တန်းတရားရုံးက ဟန်ဂေရီကို ငွေဒဏ်ယူရို သန်း ၂၀၀(အမေရိကန်ဒေါ်လာ ၂၁၄ သန်း)နှင့် နေ့စဉ်ယူရိုငွေတစ်သန်းပေးရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အဆိုပါ ပြစ်ဒဏ်ကို ဟန်ဂေရီကလက်မခံနိုင်ဟူဆိုကာ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ရွှေ့ပြောင်း ဝင်ရောက်မှုမြင့်တက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် နယ်စပ်ခြံစည်းရိုးကာခဲ့သော ဗစ်တာအော်ဘန်၏အစိုးရသည် ခိုလှုံ့ခွင့်တောင်းခံသူများ၊ ရွှေ့ပြောင်းများနှင့်သက်ဆိုင်သော ဥပဒေကိုမကြာသေးမီက အီးယူပြင်ဆင်ခဲ့ခြင်းကိုလည်း ဆန့်ကျင်ခဲ့သည်။

အာဏာပြန်ရလာခဲ့သော အော်ဘန်သည် ၎င်း၏နိုင်ငံကို လစ်ဘရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။

၎င်းဆောင်ရွက်ခဲ့သည့် အမျိုးမျိုးသော အပြောင်းအလဲများထဲတွင် သတင်းစာလွတ်လပ်ခွင့်ကို ထိန်းချုပ်ခြင်းနှင့်တရားရေး လွတ်လပ်ခွင့်တို့ကို ထိန်းချုပ်ခြင်းတို့ပါဝင်နေသည်။ ထို့အပြင်၎င်းင်းသည် LGBTQ အခွင့်အရေးများကို နှိပ်ကွပ်ခဲ့သည်။

LGBTQ အခွင့်အရေးများ၊ ခိုလှုံ့ခွင့်တောင်းခံလာသူများကို ပြုမူဆက်ဆံပုံများ၊ အများပိုင်ပစ္စည်းများ ဝယ်ယူရာတွင် အဂတိလိုက်စားမှုများ၊ ကျောင်းဆရာများ၏လွတ်လပ်ခွင့်အပါအဝင် ပြဿနာများနှင့်စပ်လျဉ်း၍ အီးယူရန်ပုံငွေထဲတွင်ရှိနေသော ယူရိုငွေဘီလျံပေါင်းများစွာသည် ထိန်းချုပ်ခံထားရဆဲဖြစ်သည်။     

ပြည်ပလွှမ်းမိုးမှုကို ထိန်းချုပ်ရန်ရုရှားပုံစံစုံစမ်းရေးဌာနဖွဲ့စည်းခြင်းကြောင့် ဟန်ဂေရီကို အီးယူကဥပဒေချိုးဖောက်မှုဖြင့် တရားစွဲထားသည်။                               

Ref: AFP                   

Most Read

Most Recent