အဝေးဆုံးတွင်ရှိနေသော ဂလက်ဆီကို ဂျိမ်းဝက်ဘ်အာကာသတယ်လီစကုပ်က ရှာတွေ့ခြင်း

အဝေးဆုံးတွင်ရှိနေသော ဂလက်ဆီကို ဂျိမ်းဝက်ဘ်အာကာသတယ်လီစကုပ်က ရှာတွေ့ခြင်း
Published 2 June 2024

ဂျိမ်းဝက်ဘ်တယ်လီစကုပ်သည် အဝေးဆုံး ဂလက်ဆီဟူသည့် စံချိန်သစ်ကို တင်လိုက်ပုံရသော ဂလက်ဆီကို ရှာတွေ့ခဲ့သည်ဟု မေ ၃၀ ရက်တွင် နာဆာကပြောသည်။ အဆိုပါ ဂလက်ဆီသည် မဟာပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် နှစ်သန်း ၂၉၀ လောက်ကတည်ရှိ နေသောတောက်ပလွန်းသည့် ကြယ်တာရာစနစ်ဖြစ် သည်ဟု ဆို သည်။

၂၀၂၂ ခုနှစ်တွင်အာကာသထဲရောက်ရှိကာ အလုပ်လုပ်နေပြီဖြစ်သော ဂျိမ်းဝက်ဘ်အာကာသ အဝေးကြည့် မှန်ပြောင်းသည် သိပ္ပံဆိုင်ရာတွေ့ရှိချက်အသစ်တို့ကို သံတော်ဆင့်ခဲ့သည်။ ယခင်က အလှမ်းမမီဖြစ်ခဲ့သော အဝေးဆုံးစကြဝဠာကို ချောင်းကြည့်နိုင်ခဲ့ပြီး  အတိတ်ကို ပြန်ကြည့်ခြင်းဟု ဆိုနိုင်ပါသည်။

ယခု နောက်ဆုံးတွေ့ရှိချက်သည်  ကော့စမစ်အရုဏ်ဟုခါ်သည့်  ကျွန်ုပ်တို့ နားလည်သ‌ဘောပေါက်ထားသော အရာအတွက်နက်နဲသော ဂယက်ရိုက်မှုများရှိနေသည်ဟု သုတေသီများက ဆိုပါသည်။

နိုင်ငံတကာ နက္ခတ္တဗေဒပညာရှင်များ အဖွဲ့သည် JADE-GS –z14-0 ဟု အမည်ပေးလိုက်သော ဂလက်ဆီကို ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ပထမဆုံးတွေ့ခဲ့သည်ဆိုသော်လည်း ရေရေရာရာမဟုတ်သည့် အရာကိုတွေ့ သည်ဆိုခြင်းထက် စံချိန်ချိုးသည့်ဂလက်ဆီကို အမှန်တကယ်တွေ့သည်မှာ သေချာကြောင်း သက်သေပြရန် နောက်ထပ်စူးစမ်းမှုများ လုပ်ရန်လိုအပ်နေသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ၎င်းတို့က ဖော်ပြခဲ့ကြသည်။

“အ‌လင်းထွက်တဲ့နေရာဟာ တော်တော်လေး တောက်ပနေပါတယ်။ ဒီလောက်ဝေးတဲ့ ဂလက်ဆီဖြစ်မယ်လို့ ကျွန်တော်တို့ ထင်မထားပါဘူး။ အခြားဂလက်ဆီနဲ့ သိပ်နီးကပ်လွန်းနေတာဆိုတော့ အဲဒီဂလက်ဆီနှစ်ခုဟာ ပိုကြီးတဲ့ ဂလက်ဆီရဲ့အစိတ်အပိုင်းဖြစ်ပုံရပါတယ်” ဟု အီတလီနိုင်ငံရှိ Scuola Normale Superiore မှ စတီ ဖာနိုကာနီယာနီနှင့် အရီဇိုးနားတက္ကသိုလ်မှ ကဲဗင်ဟိုင်းလိုင်းတို့က ပြောသည်။

အဝေးဆုံးတွင်တည်ရှိနေသော ဂလက်ဆီများထံမှ အလင်းများသည် ကမ္ဘာကိုရောက်လာသည့် အခါ ယင်း သည် စကြဝဠာပြန့်ကားခြင်းကြောင့် အလင်းများ ပြန့်ထွက်လာခြင်းဖြစ်ပြီး အဆိုပါ အလင်းတို့သည် အလင်း ရောင်စဉ်၏ အနီအောက်ရောင်ခြည်နယ်ပယ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဂျိမ်းဝက်ဘ်တယ် လီစကုပ်တွင် အနီအောက်ရောင်ခြည်ကို ကြည်ကြည်လင်လင် ဖမ်းယူနိုင်သော ကိရိယာများ တပ်ဆင်ထားသည်။

ထိုအဖွဲ့သည် အတည်ပြုနိုင်သော စူးစမ်းမှုများကို အောက်တိုဘာလတွင် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဂျိမ်း ဝက်ဘ်တယ်လီစကုပ်တွင် တပ်ထားသော NIRC ဆိုသည့် မူလရုပ်ပုံဖော်စက်ဖြင့် ပထမဆုံးအတည်ပြုခြင်း ကို ဇန်နဝါရီတွင် ဆောင်ရွက်ခဲ့သည်။ ဒုတိယအကြိမ် အတည်ပြုခြင်းကို NIR Spec ဖြင့်ဆောင်ရွက်ခဲ့သည်။ JADE-GS –z14-0 ဆိုသည်မှာ အရာဝတ္ထုမှ ထွက်လာသော အလင်းရောင်စဉ်ဖြင့် ယင်းအရာဝတ္ထု၏ရုပ် ပိုင်းဆိုင်ရာဂုဏ်သတ္တိများကို သိရှိရန် လေ့လာဆန်းစစ်သော ကိရိယာ ဖြစ်သည်။

JADE-GS –z14-0 သည် မဟာပေါက်ကွဲမှုဖြစ်ပွားအပြီး နှစ် သန်း ၃၂၀ တွင်တည်ရှိခဲ့သော JADE-GS –z13-0   ၏ ယခင် စံချိန်ကို သာသာလေးချိုးလိုက် သည်။ JADE-GS –z13-0 သည် သက်တမ်းအရင့်ဆုံး ဂလက်ဆီဆို သည့် စံချိန်ကိုတင်ထားသော ဂလက်ဆီဖြစ်သည်။

ဇန်နဝါရီလတွင် ၎င်း၏သက်တမ်းကို အတည်ပြုလိုက်သည်နှင့် တစ်ပြိုင်တည်း“ကျွန်တော်ဟာ ကွန်ပျူ တာနဲ့ဝေးရာမှာ ရပ်နေလိုက်ပြီး ဒါကိုမြင်ရတာဟာ မဖြစ်နိုင်ဘူး လို့ထင်နေမိပါတယ်” ဟု ဟိုင်လိုင်း က Youtube တွင်တင်ထားသော ဗီဒီယို၌ ပြောထားသည်။

“စကြဝဠာဟာ နှစ်နာရီကြာတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်မယ်ဆိုရင် ဒီဂလက်ဆီဟာ ဇာတ်ကားရဲ့ပထမဆုံး နှစ်မိနစ်ခွဲလောက်က ဂလက်ဆီဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

“JADE-GS –z14-0 ရဲ့ အရေးအပါဆုံး ရှုထောင့်တစ်ခုကတော့ ဒီလောက်အကွာအဝေးမှာ ဒီဂလက်ဆီဟာ ပင်ကိုအားဖြင့် အလွန်တောက်ပနေရမယ်ဆိုတာကို ကျွန်တော်တို့သိနေတာဖြစ်ပါတယ်” ဟု ကာနီယာနီ နှင့်ဟိုင်လိုင်းတို့က ပြောသည်။

ဂလက်ဆီသည်တစ်ဖက်မှ တစ်ဖက်သို့အလင်းနှစ် ၁,၆၀၀ ရှိမည်ဟု ပုံများမှတစ်ဆင့် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ပြီး အလင်းများသည် အများအားဖြင့် သက်တမ်းနုသော ကြယ်များမှလာခြင်းဖြစ်ကာ ကြီးထွားလာနေသော အင်အား အဆမတန်ဖြစ်နေသည့် တွင်းနက်ကြီးအနီးနားမှ အလင်းများ မဟုတ်ဟု ယူဆထားကြခြင်း ဖြစ်သည်။

“ဒီကြယ်ရောင်တွေအရ ဂလက်ဆီဟာ နေရဲ့ထုထည်ထက် အဆသန်းရာချီရှိနေတယ်ဆိုတာကို ပြောနေတာပဲဖြစ်ပါတယ်”ဟု သုတေသီများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

                                           Ref:AFP

Most Read

Most Recent