အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် ပညာရှင်များနှင့် သုတေသီများ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာအာဏာပိုင်များ ပြောကြား

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် ပညာရှင်များနှင့် သုတေသီများ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာအာဏာပိုင်များ ပြောကြား
မေ ၁၀ ရက်က ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ဂါဇာမြို့တွင် အဆောက်အအုံတစ်ခုအတွင်း သေနတ်ဖြင့်ချိန်နေသည့် အစ္စရေးစစ်သားတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
မေ ၁၀ ရက်က ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ဂါဇာမြို့တွင် အဆောက်အအုံတစ်ခုအတွင်း သေနတ်ဖြင့်ချိန်နေသည့် အစ္စရေးစစ်သားတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
Published 17 May 2024

အစ္စရေးနှင့် စစ်ပွဲစတင်ဖြစ်ပွားသည့် ခုနစ်လကျော်အတွင်း အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ပညာရှင်များနှင့် သုတေသီများ ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂါဇာအာဏာပိုင်များက မေ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းအသိုင်းအဝိုင်းမှာ ဂုဏ်သရေရှိတဲ့ သိပ္ပံပညာရှင်တွေ၊ ကျောင်းဆရာတွေ၊ တက္ကသိုလ်ပါမောက္ခတွေနဲ့ သုတေသီတွေကို တိုက်ခိုက်သိမ်းပိုက်သူတွေက လုပ်ကြံသတ်ဖြတ်နေတာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်”ဟု ဟားမာ့စ်အစိုးရ၏ မီဒီယာရုံးက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ထိုအခြေအနေအရ အစ္စရေးသည် ပညာရေးနယ်ပယ်မှ သိပ္ပံပညာရှင်များနှင့် သုတေသီများကို အလုံးစုံ ရှင်းပစ်ရန် ရည်ရွယ်ထားသည့် သဘောကို ပြသရာရောက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

ဂါဇာအာဏာပိုင်များ ထုတ်ပြန်ခဲ့သည့် သေဆုံးခဲ့သည့် ပညာရှင် ၁၀၄ ဦးစာရင်းတွင် ရူပဗေဒနှင့် သချင်္ာဘာသာရပ်များတွင် ထိပ်သီးသုတေသနပညာရှင်ဖြစ်ပြီး အစ္စလာမ်မစ် တက္ကသိုလ်ဥက္ကဋ္ဌဖြစ်သူ ဆူဖ်ယန် တေယာလည်း ပါဝင်နေသည်။

ထို့ပြင် ထိပ်သီးခွဲစိတ်ကုဆရာဝန်နှင့် ဆေးဝါးပါမောက္ခတစ်ဦးဖြစ်သည့် အက်နန်အယ်ဘာ့ရှ်လည်း ထိုစာရင်းတွင် ပါဝင်ခဲ့သည်။

အသက် ၅၀ အရွယ် ဘာ့ရှ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဂါဇာဒေသမြောက်ပိုင်းရှိ အယ်အော်ဒါဆေးရုံတွင် အခြားဆရာဝန်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဧပြီ ၁၉ ရက်တွင် အစ္စရေး၏ အချုပ်ခန်းထဲတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်း အကျဉ်းသားများအသင်းက ပြောကြားခဲ့သည်။

၎င်း၏ သေဆုံးမှုနှင့်ပတ်သက်ပြီး အစ္စရေးစစ်တပ်က ထိုဖြစ်စဉ်ကို လက်ရှိအချိန်အထိ သတိမပြုမိကြောင်း ပြောကြားခဲ့သည်။

လွတ်လပ်သည့် ကမ္ဘာ့နိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ ပညာရေးနှင့်ပတ်သက်သည့်အဖွဲ့အစည်းအားလုံးအနေဖြင့် ယခုကဲ့သို့ သမိုင်းဝင်ရာဇဝတ်မှုကို ရှုတ်ချရန်နှင့် လူမျိုးတုံးသတ်ဖြတ်သည့် စစ်ပွဲကိုရပ်တန့်ရန် အစ္စရေးအား ဖိအားပေးရန် ဟားမာ့စ်အစိုးရက တိုက်တွန်းခဲ့သည်။

အစ္စရေး၏ စစ်ပွဲအတွင်း လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး အမေရိကန်နှင့် နိုင်ငံအချို့ရှိ တက္ကသိုလ်များတွင် ကျောင်းသားများ ဆန္ဒပြခဲ့ပြီးနောက် ဟားမာ့စ်အဖွဲ့က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြကျောင်းသားများက သိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများနှင့် အဆက်ဖြတ်ရန် ၎င်းတို့၏ တက္ကသိုလ်များကို တိုက်တွန်းခဲ့ကြသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစ္စရေးကို ဟားမာ့စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၁၁၇၀ ကျော် သေဆုံးခဲ့ပြီးနောက် အနောက်ဘက်ကမ်းဒေသတွင် အကြမ်းဖက်မှုများမြင့်တက်လာခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို အစ္စရေးကတုံ့ ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ကလေးများနှင့် အမျိုးသမီးအများစု အပါအဝင် လူပေါင်း ၃၅၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent