မြောက်ကိုရီးယားက အမှိုက်များ၊ မစင်များပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်

မြောက်ကိုရီးယားက အမှိုက်များ၊ မစင်များပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်
Published 29 May 2024
Ref;AFP

မြောက်ကိုရီးယားသည် အမှိုက်များ၊ အိမ်သာသုံးစက္ကူများနှင့် သံသယဖြစ်ဖွယ် တိရစ္ဆာန်မစင်များ ထည့်ထားသည့် အိတ်များ ကိုတွဲချည်ထားသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း ဒေသခံမီဒီယာများက မေ ၂၈ ရက်တွင် ဖော်ပြခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ကမူ ယင်းကဲ့သို့ ယုတ်ညံ့သည့် လုပ်ဆောင်ချက်များအတွက် မြောက်ကိုရီးယားကို ဝေဖန်ပြစ်တင်ခဲ့သည်။

တောင်ကိုရီးယားမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေသည့် ဓာတ်ပုံများထဲတွင် အမှိုက်များနှင့် မစင်များဟုယူဆရသည့်  အညစ်အကြေးများအပြည့်ထည့်ထားသည့် အိတ်များကို ကြိုးဖြင့်တွဲချည်ထားသည့် အဖြူရောင်မိုးပျံပူဖောင်းများကို မြင်တွေ့ရသည်။

တောင်ကိုရီးယားကို အပြစ်ပေးရန် နယ်စပ်ဒေသများတွင် စက္ကူစုတ်များနှင့် အညစ်အကြေးများကို ကြဲချမည်ဟု မြောက်ကိုရီးယားက သတိပေးခဲ့ပြီးနောက် ယခုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဂျီယွန်ဂီ-ဂန်ဝမ်နယ်စပ်ဒေသတွင် မြောက်ကိုရီးယား၏ ၀ါဒဖြန့်စာစောင်များဟု ယူဆရသည့် အမျိုးအမည်မသိ ပစ္စည်းများကို တွေ့ရှိခဲ့ပြီး စစ်တပ်က တာဝန်ယူလုပ်ဆောင်နေသည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီး ချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် အပြင်ဘက်တွင် လှုပ်ရှားသွားလာမှုများကို ရှောင်ကြဉ်ရန်၊ အမျိုးအမည်မသိရသည့် ပစ္စည်းများကို ထိတွေ့ခြင်းမပြုရန်နှင့် ထိုပစ္စည်းများကိုတွေ့ရှိပါက နီးစပ်ရာ စစ်စခန်းများ သို့မဟုတ် ရဲစခန်းများ သို့သွားရောက်သတင်းပို့ရန် JCS က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်သည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေပြီး မိမိတို့ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း၊ မိုးပျံပူဖောင်အချို့တွင် အမှိုက်များဟု သံသယဖြစ်ဖွယ်အရာများပါရှိခဲ့ပြီး စစ်တပ်က စစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် လူမဆန်ဘဲ ယုတ်ညံ့သည့် လုပ်ဆောင်မှုများကို ချက်ချင်းရပ်တန့်ရန် မိမိတို့ သတိပေးကြောင်း JCS က ထုတ်ပြန်ခဲ့သည်။

မေ ၂၈ ရက်ညပိုင်းတွင် ဂျီယွန်ဂီပြည်နယ်၌ မြောက်ကိုရီးယားနိုင်ငံမှ မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့မှုကြောင့် အာဏာပိုင်များက ဒေသခံများကို အပြင်ဘက်တွင် သွားလာလှုပ်ရှားမှုများမပြုလုပ်ရန် ဖုန်းမက်ဆေ့ချ်များ ပေးပို့ခဲ့ပြီး ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး စစ်စခန်းများကို အကြောင်းကြားခဲ့သည်။

တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများသည်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အစိုးရအဖွဲ့ကို ဆန့်ကျင်သည့် ၀ါဒဖြန့်စာစောင်များနှင့် ငွေကြေးများပါရှိသည့် မိုးပျံပူဖောင်းများကို နယ်စပ်ဒေသမှ မြောက်ကိုရီးယားနိုင်ငံအတွင်း လွှတ်တင်လေ့ရှိသည်။

မြောက်ကိုရီးယားသည် ကင်၏ အစိုးရအဖွဲ့အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သည့် ၀ါဒဖြန့်မှုများနှင့် ပြင်ပမှ သတင်းများဝင် ရောက်လာမည့်အခြေအနေကို ဒေါသထွက်ခဲ့ပြီး လူထုကိုတင်းကျပ်စွာ ချုပ်ကိုင်ထားသည်။

မြောက်ကိုရီးယားကမူ တောင်ကိုရီးယား၏ မိုးပျံပူဖောင်းလွှတ်တင်မှုများကို တုံ့ပြန်သွားမည်ဟု မကြာသေးမီက ခြိမ်းခြောက်ခဲ့သည်။

နယ်စပ်ဒေသများတွင် တောင်ကိုရီးယားက မိုးပျံပူးဖောင်များလွှတ်တင်ပြီး ၀ါဒဖြန့်စာစောင်များနှင့် အခြားအမှိုက်များ ကြဲချနေမှုကို အလားတူနည်းဖြင့် တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား လက်ထောက်ကာကွယ်ရေးဝန်ကြီး ကင်ကန်အီက ပြောကြားခဲ့သည်။

စက္ကူအမှိုက်များနှင့် အညစ်အကြေးများကို နယ်စပ်ဒေသများနှင့် တောင်ကိုရီးယားနိုင်ငံအတွင်းတွင် ကြဲချသွားမည်ဖြစ်ပြီး ထိုအမှိုက်များကို ဖယ်ရှားရှင်းလင်းရာတွင် မည်မျှ အားစိုက်ထုတ်ရသည်ဆိုခြင်းကို တောင်ကိုရီးယားအနေဖြင့် နားလည်သိရှိလိမ့်မည်ဟု ကင်က ပြောကြားခဲ့သည်။           

Most Read

Most Recent