​​​​​​​ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးစာရေးသည် ပြည်ပ တာဝန်ထမ်းဆောင်မှု ကာလ ပြည့်မြောက်ချိန်တွင် ၎င်း၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများကြောင့် မြန်မာနိုင်ငံကို မပြန်လိုသဖြင့် နိုင်ငံရေးအကာအကွယ်ရယူကာ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နစက ထုတ်ပြန်

​​​​​​​ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးစာရေးသည် ပြည်ပ တာဝန်ထမ်းဆောင်မှု ကာလ ပြည့်မြောက်ချိန်တွင် ၎င်း၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများကြောင့် မြန်မာနိုင်ငံကို မပြန်လိုသဖြင့် နိုင်ငံရေးအကာအကွယ်ရယူကာ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နစက ထုတ်ပြန်
Published 22 June 2024

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးစာရေး ဒေါ်ဌေးဌေးဝင်းသည် ပြည်ပတာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်ချိန်တွင် ၎င်း၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများကြောင့် မြန်မာနိုင်ငံကို မပြန်လိုသဖြင့် နိုင်ငံရေးအကာအကွယ်ရယူကာ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာသံရုံး၌ သံရုံးစာရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်မှစ၍ ပါရီမြို့ မြန်မာသံရုံးမှ ခွင့်မဲ့ပျက်ကွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ဒေါ်ဌေးဌေးဝင်းသည် ပြည်ပ တာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်သည့်အတွက် မြန်မာနိုင်ငံတွင် ပြန်လည်တာဝန် ထမ်းဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသည့် အမိန့်စာကို လက်ခံရရှိပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် မိသားစုစာရင်းနှင့် ၎င်း၏သားဖြစ်သူအား ပြင်သစ်နိုင်ငံတွင် ပညာဆက်လက်သင်ကြားခွင့်ပြုရန် တင်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန် ၁၈ ရက်အထိ ပုံမှန်ရုံးတက်၍ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ယင်းနေ့တွင် ဒေါ်​ဌေးဌေးဝင်းသည် ၎င်း၏သားဖြစ်သူ ဆက်လက်ပညာသင်ကြားမည့်တက္ကသိုလ်တွင် စုံစမ်းမှုများ ပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်၌ ခွင့် (၁)ရက် ခံစားလိုကြောင်းနှင့် ၎င်းတို့ မိသားစု၏ နိုင်ငံကူးလက်မှတ်များ ခေတ္တထုတ်ယူခွင့်ပြုရန် တင်ပြခဲ့သဖြင့် သံအမတ်ကြီးက ခွင့်ပြုပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက် နံနက် ၁၀ နာရီအချိန်အထိ သံရုံးသို့ ပြန်လည်သတင်းပို့မှု မရှိခြင်းကြောင့် သံရုံးတာဝန်ရှိသူများက စိစစ်ခဲ့ရာ ၎င်း၏နေအိမ်၌ မည်သည့် ကိုယ်ပိုင်ပစ္စည်းမျှ မရှိတော့ဘဲ အပြီးအပိုင် ထွက်ခွာသွားသည့် အခြေအနေအား တွေ့ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဒေါ်ဌေးဌေးဝင်းသည် ပါရီမြို့ရှိ မြန်မာသံရုံးတွင်  တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လုပ်ငန်းတာဝန်များကို တက်ကြွစွာဖြင့် ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီး ၎င်းသည် ပြည်ပတာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်၍ မြန်မာနိုင်ငံတွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည့်ဝန်ထမ်းများအနက် တစ်ဦးဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

သို့ရာတွင် ၎င်း၏သားဖြစ်သူ ပြင်သစ်နိုင်ငံတွင် ဆက်လက်ပညာသင်ကြားနိုင်ရေးနှင့် သမီးဖြစ်သူ ဆေးကုသမှုခံယူနိုင်ရေး စသည့် ၎င်း၏ ကိုယ်ရေးကိုယ်တာ လူမှုရေးအခက်အခဲများကြောင့် မြန်မာနိုင်ငံသို့ မပြန်လိုသဖြင့် နိုင်ငံရေးအကာအကွယ်ရယူကာ ခင်ပွန်း၊ သား၊ သမီးနှင့်အတူ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဘက်အဖွဲ့အစည်းများက နိုင်ငံရေးအရ အသုံးချကာ ဝါဒဖြန့်ချီမှုများ လုပ်ဆောင်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent