တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘောတစ်စင်းနှင့် ဖိလစ်ပိုင်ထောက်ပို့သင်္ဘောတစ်စင်း ဝင်တိုက်မိခဲ့

တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘောတစ်စင်းနှင့် ဖိလစ်ပိုင်ထောက်ပို့သင်္ဘောတစ်စင်း ဝင်တိုက်မိခဲ့
မတ်လ ၅ ရက်က တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံအနီးတွင် တရုတ်ရေကြောင်း လုံခြုံရေးတပ်ဖွဲ့ သင်္ဘောများကို တွေ့ရစဉ်(Ref:Reuters)
မတ်လ ၅ ရက်က တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံအနီးတွင် တရုတ်ရေကြောင်း လုံခြုံရေးတပ်ဖွဲ့ သင်္ဘောများကို တွေ့ရစဉ်(Ref:Reuters)
Published 17 June 2024

ဇွန် ၁၇ ရက်က တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံအနီးတွင် တရုတ်သင်္ဘောတစ်စင်းနှင့် ဖိလစ်ပိုင်သင်္ဘောတစ်စင်း ဝင်တိုက်မိခဲ့ဟု တရုတ်ကမ်းခြေစောင့်တပ်က ပြောကြားခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်နယ်မြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ ၎င်းတို့၏ ပြောဆိုချက်များကို ပိုမိုခိုင်မာအောင် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

တရုတ်တွင် Ren’ai ကျောက်တန်းဟု ခေါ်တွင်သည့် Second Thomas သောင်ခုံအနီးတွင် မကြာသေးမီလများအတွင်း တရုတ်နှင့် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့မှုများ မြင့်တက်လျက်ရှိသည်။

အများအားဖြင့် ယင်းသောင်ခုံအား မိမိတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြသရန် ရည်ရွယ်လျက် ဖိလစ်ပိုင်က ကျောက်ချရပ်နားထားသည့် Sierra Madre စစ်သင်္ဘောရှိ တပ်ဖွဲ့ဝင်များထံ ရိက္ခာပေးပို့သည့် ထောက်ပို့မစ်ရှင် လုပ်ဆောင်စဉ်အတွင်း တရုတ်နှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားလေ့ရှိသည်။

ယင်းသောင်ခုံသည် ဖိလစ်ပိုင်အနောက်ပိုင်း ပါလာဝမ်ကျွန်းနှင့် ကီလိုမီတာ ၂၀၀(မိုင် ၁၂၀) ခန့်အကွာတွင် တည်ရှိပြီး တရုတ် နှင့် အနီးဆုံးကုန်းမြေထုဖြစ်သော ဟိုင်နန်ကျွန်းနှင့် ကီလိုမီတာ ၁,၀၀၀ ကျော် ကွာဝေး သည်။

ယင်းဒေသတွင် ဖိလစ်ပိုင်ထောက်ပို့သ င်္ဘောတစ်စင်းက မိမိတို့၏ အကြိမ်ကြိမ် အလေးအနက် သတိပေးမှုကို လျစ်လျူရှုခဲ့သည်ဟု တရုတ်ကမ်းခြေစောင့်တပ်က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသင်္ဘောသည် တရုတ်သင်္ဘောအနီးသို့ ပရော်ဖက်ရှင်နယ်မဆန်စွာ ချဉ်းကပ်သွားသည့်အတွက် ယင်းသို့ဝင်တိုက်မိခြင်းဖြစ်ကြောင်းလည်း တရုတ်က ပြောကြားသည်။

ဖိလစ်ပိုင်သင်္ဘောသည် တရုတ်ပိုင်နက် နန်ရှားကျွန်းစုရှိ Ren’ai ကျောက်တန်းအနီး ပင်လယ်ပြင်ထဲသို့ တရားမဝင် ဝင်ရောက်ခဲ့သည်ဟုလည်း တရုတ်က စွပ်စွဲခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်ဟာ တရားဥပဒေနဲ့အညီ ဖိလစ်ပိုင်သင်္ဘောကို ထိန်းချုပ်ဖို့ အစီအမံတွေ လုပ်ဆောင်ခဲ့တယ်”ဟု တရုတ်က ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်ဘက်ကမူ တရုတ်ကမ်းခြေစောင့်တပ်၏ အထင်အမြင်မှားစေရန် လှည့်ဖြားပြောဆိုမှုများကို အလေးအနက်ထားမည်မဟုတ်ဟု တုံ့ပြန်ခဲ့သည်။

“ဖိလစ်ပိုင်ရဲ့ အထူးစီးပွားရေးဇုန်ထဲမှာ တရုတ်သင်္ဘောတွေ တရားမဝင်ဝင်ရောက်လာပြီး လှုပ်ရှားနေတဲ့ အဓိကပြဿနာက ဆက်ရှိနေပါတယ်။ အဲဒါဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာနဲ့ အချုပ်အခြာအာဏာပိုင် အခွင့်အရေးတွေကို ထိပါးချိုးဖောက်နေတာပဲဖြစ်တယ်”ဟု ဖိလစ်ပိုင်စစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

တရုတ်ကမ်းခြေစောင့်တပ်က ရန်လိုသည့်လုပ်ရပ်များ အဆက်မပြတ် လုပ်ဆောင်နေခြင်းသည် ဒေသတွင်း၌ တင်းမာမှုများမြင့် တက်စေသည်ဟုလည်း ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိ သည်။ တောင်တရုတ်ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ သုံးထရီလျံ ကျော်ရှိသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ရေပြင်၌ ကင်းလှည့်ရန် ကမ်းခြေစောင့်တပ်သင်္ဘောနှင့် အခြားသင်္ဘော များကို ဖြန့်ကြက်ထားပြီး ၎င်းဒေသရှိ ကျောက်တန်းအချို့ကိုလည်း စစ်ပုံသွင်းထားသည့် ကျွန်းတုများအဖြစ် တည်ဆောက်ခဲ့သည်။

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ကျူးကျော်ဝင်ရောက်သည့် ပြည်ပနိုင်ငံသားများကို ဖမ်းဆီးထိန်းသိမ်းခွင့်ရှိသည့် တရုတ်ကမ်းခြေစောင့်တပ်၏ စည်းမျဉ်းအသစ်များသည် ဇွန် ၁၅ ရက်က စတင်အသက်ဝင်လာခဲ့ကြောင်း သိရသည်။

Ref:AFP

Most Read

Most Recent