မြောက်ကိုရီးယားက အမှိုက်များပါသည့် မိုးပျံပူဖောင်း အလုံးရေ ၆၀၀ ခန့်ကို နယ်စပ်ဒေသအပေါ်သို့ ထပ်မံလွှတ်တင်

မြောက်ကိုရီးယားက အမှိုက်များပါသည့် မိုးပျံပူဖောင်း အလုံးရေ ၆၀၀ ခန့်ကို နယ်စပ်ဒေသအပေါ်သို့ ထပ်မံလွှတ်တင်
ဇွန် ၁ ရက်က ဆိုးလ်မြို့တော်တွင် တောင်ကိုရီးယားစစ်ဘက်အရာရှိများက  မြောက်ကိုရီးယား မိုးပျံပူဖောင်းများနှင့်အတူ ကျလာသည့် အမှိုက်များကို စစ်ဆေးနေစဉ်
ဇွန် ၁ ရက်က ဆိုးလ်မြို့တော်တွင် တောင်ကိုရီးယားစစ်ဘက်အရာရှိများက  မြောက်ကိုရီးယား မိုးပျံပူဖောင်းများနှင့်အတူ ကျလာသည့် အမှိုက်များကို စစ်ဆေးနေစဉ်
Published 2 June 2024

မြောက်ကိုရီးယားသည် နယ်စပ်ဒေသတစ်လျှောက်တွင် အမှိုက်များပါရှိသည့် မိုးပျံပူဖောင်းအလုံးရေ ၆၀၀ ခန့်ကို လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား၏ အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားသည် ရှင်းလင်းရေးအမှုထမ်းများသည် စီးကရက်ဖင်စီခံများ၊ ကတ်ထူစက္ကူများနှင့် ပလပ်စတစ်အပိုင်းအစများ ပါဝင်သည့် အမှိုက်များကို သိမ်းဆည်းလျက်ရှိသည်။

မြောက်ကိုရီးယား၏ နောက်ဆုံး ရန်စမှုသည် ယုတ္တိမရှိဘဲ ယုတ်ညံ့သည့် လုပ်ဆောင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ထိုကဲ့သို့ မိုးပျံပူဖောင်းများလွှတ်တင်မှုကို မရပ်တန့်ပါ က တောင်ကိုရီးယားက ပြင်းထန်သည့် တန်ပြန်အစီအစဉ်များကို လုပ်ဆောင်သွားမည်ဟု သတိပေးခဲ့ပြီး ထိုလုပ်ဆောင်ချက်များသည် ၁၉၅၀-၉၃ ခုနှစ် ကိုရီးယား စစ်ပွဲအပြီးတွင် ချုပ်ဆိုခဲ့သည့် စစ်ရပ်ဆိုင်းရေးသဘောတူညီချက်ကို ဆန့်ကျင်နေကြောင်း ပြောကြားခဲ့သည်။

အန္တရာယ်ဖြစ်စေသည့် ပစ္စည်းများကို မတွေ့ရှိခဲ့သည့် တိုင်ပြည်သူများအနေဖြင့် မြောက်ကိုရီးယား၏ မိုးပျံပူဖောင်းများနှင့် အတူကျလာသည့် အမှိုက်ပုံများနှင့် အဝေးတွင်နေရန် တောင်ကိုရီးယားပူးတွဲစစ်ဦးစီး ချုပ်များအဖွဲ့ (JCS) က တိုက်တွန်းထားသည်။

မေ ၂၈ ရက်ကစပြီး မြောက်ကိုရီးယားက တောင်ဘက်စူးစူးအရပ်သို့ မိုးပျံပူဖောင်း အလုံးရေ ၉၀၀ ခန့် လွှတ်တင်ခဲ့ပြီး နောက်ဆုံးအသုတ် လွှတ်တင်သည့် မိုးပျံပူဖောင်းများသည် ဇွန် ၁ ရက်တွင် တောင်ကိုရီးယားသို့ ရောက်ရှိခဲ့သည်ဟု JCS က ထုတ်ပြန်ခဲ့သည်။

“ဇွန် ၂ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ မိုးပျံပူဖောင်း အလုံးရေ ၆၀၀ လောက်ကို တွေ့ရှိခဲ့ပြီး တစ်နာရီကို မိုးပျံပူဖောင်း အလုံး ၂၀ ကနေ အလုံး ၅၀ အထိ  လေနဲ့အတူ ရွေ့လျားလာခဲ့ပါတယ်” ဟု ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုမိုးပျံပူဖောင်းများသည် ဆိုးလ်မြို့ တော်နှင့် တောင်ကိုရီးယားလူဦးရေ စုစုပေါင်း၏ ထက်ဝက်နီးပါး နေထိုင်သည့် ဂျီအွန်ဂီပြည်နယ်အပါအဝင် နိုင်ငံမြောက်ပိုင်း ပြည်နယ်များတွင် ကျရောက်လျက်ရှိသည်။

နောက်ဆုံးအသုတ်လွှတ်တင်ခဲ့သည့် မိုးပျံပူဖောင်းများတွင် စီးကရက်ဖင်စီခံများ၊ စက္ကူစုတ်များ၊ အထည်စုတ်များနှင့် ပလပ်စတစ်အပိုင်းအစများပါရှိခဲ့သည်ဟု JCS က ပြောကြားခဲ့သည်။

မိမိတို့စစ်တပ်သည် မိုးပျံပူဖောင်းများ လွှတ်တင်သည့် နေရာများတွင် ကင်းထောက်လှမ်းမှုများ ပြုလုပ်နေပြီး ခြေရာခံမှုများ၊  လေ ကြောင်းကင်းလှည့်မှုများကို ပြုလုပ်နေကြောင်း၊ အများပြည်သူ ဘေးကင်းလုံခြုံရေးကို ဦးစားပေးပြီး အမှိုက်များကို ရှင်းလင်းသိမ်းဆည်းနေကြောင်း JCS က ပြောသည်။

ယခင်က တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် အစိုးရအဖွဲ့ကို ဆန့်ကျင်သည့် ၀ါဒဖြန့်စာစောင်များနှင့် ငွေကြေးများပါရှိသည့် မိုးပျံပူဖောင်းများကို နယ်စပ်ဒေသမှ မြောက်ကိုရီးယားနိုင်ငံအတွင်း လွှတ်တင်လေ့ရှိသည်။

မြောက်ကိုရီးယားသည် ကင်၏ အစိုးရအဖွဲ့အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သည့် ၀ါဒဖြန့်မှုများနှင့် ပြင်ပမှ သတင်းများဝင်ရောက်လာမည့် အခြေအနေကို ဒေါသထွက်ခဲ့ပြီး လူထုကိုတင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ တောင်ကိုရီးယားကို အပြစ်ပေးရန် နယ်စပ်ဒေသများတွင် စက္ကူစုတ်များနှင့် အညစ်အကြေးများကို ကြဲချမည်ဟု မြောက်ကိုရီးယားက သတိပေးခဲ့ပြီးနောက် ယခုဖြစ်စဉ်များ  ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသများတွင် တောင်ကိုရီးယားက မိုးပျံပူးဖောင်းများလွှတ်တင်ပြီး ၀ါဒဖြန့် စာစောင်များနှင့် အခြား အမှိုက်များ ကြဲချနေမှုကို အလားတူနည်းဖြင့် တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား လက်ထောက်ကာကွယ် ရေးဝန်ကြီး ကင်ကန်အီက ပြီးခဲ့သည့်လအတွင်းက ပြောကြားခဲ့သည်။                              

Ref:AFP

Most Read

Most Recent