အာဖရိကတွင် သီတင်းတစ်ပတ်အတွင်း နေ့အလိုက် mpox ရောဂါကူးစက်မှုအသစ် ၄၀၀၀ နီးပါးရှိ

အာဖရိကတွင် သီတင်းတစ်ပတ်အတွင်း နေ့အလိုက် mpox ရောဂါကူးစက်မှုအသစ် ၄၀၀၀ နီးပါးရှိ
သြဂုတ် ၂၄ ရက်က ဒီအာကွန်ဂိုအရှေ့ပိုင်း ကာဗူမူဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက Mpox လူနာတစ်ဦးကို  အကြောဆေးထိုးပေးနေစဉ်(Photo:AFP)
သြဂုတ် ၂၄ ရက်က ဒီအာကွန်ဂိုအရှေ့ပိုင်း ကာဗူမူဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက Mpox လူနာတစ်ဦးကို  အကြောဆေးထိုးပေးနေစဉ်(Photo:AFP)
Published 28 August 2024

mpox ရောဂါကူးစက်မှုအဆိုးဆုံးဖြစ်သည့် ကွန်ဂိုနိုင်ငံတွင် ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသည့် mpox ကာကွယ်ဆေးများရရှိရန် ထပ်တဲလဲတောင်းဆိုသော်လည်း ယခုသီတင်းပတ်အတွင်း ကာကွယ်ဆေးရရှိရန် နှောင့်နှေးကြန့်ကြာနေချိန်တွင် အာဖရိက၌ လွန်ခဲ့သည့် သီတင်းတစ်ပတ်အတွင်း နေ့အလိုက် mpox ရောဂါကူးစက်မှုဖြစ်စဉ်အသစ် ၄၀၀၀ နီးပါးအထိ တိုးမြင့်လာခဲ့ကြောင့် အာဖရိက၏ ပြည်သူ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၂ရရက် တွင် ပြောကြားခဲ့သည်။

အာဖရိကတွင် လွန်ခဲ့သည့်သီတင်းပတ်က mpox ရောဂါကြောင့် သေဆုံးသူ ၈၁ ဦး ရှိသည့်အတွက် စုစုပေါင်း mpox ကူးစက်ခံရ သူ ၂၂,၈၆၃ ဦးရှိကာ သေဆုံးသူ ၆၂၂ ဦးအထိ ရှိလာခဲ့ကြောင်း အာဖရိကရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်တားဆီးရေးစင်တာအကြီးအကဲ ဒေါက်တာယန်းကာဆီရာက အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်ကဲ့သို့ အနောက်ပိုင်းမိတ်ဖက်များက mpox ကာကွယ်ရေးအလုံးရေ ၃၈၀,၀၀၀ ခန့်ပေးမည်ဟု ကတိပြုထားကြောင်း ၎င်းကဆိုသည်။

ယင်းသည် ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဗဟိုချက်ဖြစ်သည့် ကွန်ဂိုတွင် mpox ကူးစက်မှုအဆုံးသတ်ရန် လိုအပ်သည့် ကာကွယ်ဆေးအရေအတွက်၏ ၁၅ ရာခိုင်နှုန်း အောက်သာရှိသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အာဖရိကအပြင်ဘက်သို့ mpox ရောဂါကူးစက်ဖြစ်ပွားပြီးနောက် ချမ်းသာသော နိုင်ငံများသည် ၎င်းတို့၏ သိုလှောင်မှုများမှ ကာကွယ်ဆေးများနှင့် ကုသမှုများဖြင့် ချက်ချင်းတုံ့ပြန် ဆောင်ရွက်ခဲ့သည်။ သို့သော် အာဖရိကအစိုးရများထံမှ တောင်းဆိုမှုများရှိသော်လည်း အာဖရိကသို့ ကာကွယ်ဆေးအလုံးရေ အနည်းငယ်သာ ရောက်ရှိခဲ့သည်။

အစောပိုင်းက ကွန်ဂိုတွင် mpox ရောဂါ ကူးစက်မှုအသစ်များအတွက် ကူညီရန်ကတိပြုထားသည့် ကာကွယ်ဆေး ပထမဆုံးအသုတ်သည် စာရွက်စာတမ်းကိစ္စရပ်များနှင့် အရေးပေါ် ခွင့်ပြုချက်ပြဿနာများ ကြောင့် နှောင့်နှေးကြန့်ကြာခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်တွင် ရောက်ရှိလာခဲ့သည်ဟု ကာဆီရာက ဆိုသည်။

ယခုအသုတ်တွင် အမေရိကန်က ကတိပြုထားသော ကာကွယ်ဆေး အလုံးရေ ၅၀,၀၀၀ နှင့် ကာကွယ်ဆေး မဟာမိတ် GAVI မှ ကာကွယ်ဆေးအလုံးရေ ၁၅,၀၀၀ ပါဝင်လိမ့်မည်ဟု အာဖရိက CDC ၏ mpox ရေးရာ မန်နေဂျာ ဒေါက်တာဂါရှီဂွန်ဂိုက ပြောကြားခဲ့သည်။

“အခုချိန်မှာတော့ အမေရိကန်အစိုးရဆီက ကာကွယ်ဆေး လွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေပါတယ်”ဟု ဂွန်ဂိုက ဆိုသည်။

ကွန်ဂိုသည် အထူးသဖြင့် ကလေးများကို ကာကွယ်မှုတွင် ထိရောက်မှုရှိသည့် ဂျပန်ကာကွယ်ဆေးမှ ကာကွယ်ဆေးအလုံးရေ နှစ်သန်းထက်မနည်း တောင်းဆိုထားကာ ဆွေးနွေးညှိနှိုင်းမှုများသည် အလွန်အဆင်ပြေနေကြောင်း ၎င်းက ဆိုသည်။

စပိန်ကလည်း mpox ရောဂါကူးစက်မှုများ မြင့်တက်နေသည့် ဗဟိုအာဖရိကသို့ ကာကွယ်ရေးအလုံးရေ ၅၀၀,၀၀၀ လှူဒါန်းသွားမည်ဟု အစိုးရက သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကာကွယ် ဆေးပမာဏသည် စပိန်၏စုစုပေါင်း mpox ကာကွယ်ဆေးအရန်သိုလှောင်မှု၏ ၂၀ ရာခိုင်နှုန်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သော်လည်း မည်သည့်နိုင်ငံကို လှူဒါန်းသွားမည်ဆိုသည့် အချက်နှင့် မည်သည့်အချိန်တွင် ရောက်ရှိမည်ဆိုသည့်အကြောင်း အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။ ပြင်သစ်နှင့်ဂျာမနီကလည်း ကာကွယ်ဆေးအလုံးရေ ၁၀၀,၀၀၀ စီ လှူဒါန်းသွားမည်ဟု ထုတ်ပြန်ထားသည်။  

Ref:AFP

Most Read

Most Recent