တရုတ်၏ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ထိုင်ဝမ်ဒေသခံများ စည်းလုံးညီညွတ်ရမည်ဟု ထိုင်ဝမ်သမ္မတ ပြောကြား

တရုတ်၏ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ထိုင်ဝမ်ဒေသခံများ စည်းလုံးညီညွတ်ရမည်ဟု ထိုင်ဝမ်သမ္မတ ပြောကြား
သြဂုတ် ၂၃ ရက်က ကင်မန်ကျွန်းပေါ်တွင် စစ်မှုထမ်းဟောင်းများတက်ရောက်သည့်  ဂုဏ်ပြုထမင်းစားပွဲတွင် အမှာစကားပြောကြားနေသည့် ထိုင်ဝမ်သမ္မတလိုင်ကို တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၂၃ ရက်က ကင်မန်ကျွန်းပေါ်တွင် စစ်မှုထမ်းဟောင်းများတက်ရောက်သည့်  ဂုဏ်ပြုထမင်းစားပွဲတွင် အမှာစကားပြောကြားနေသည့် ထိုင်ဝမ်သမ္မတလိုင်ကို တွေ့ရစဉ်(Photo:AFP)
Published 23 August 2024

တရုတ်၏ ခြိမ်းခြောက်မှုများကို တန်ပြန် ရန် ထိုင်ဝမ်ဒေသခံများအားလုံး တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်ရမည်ဖြစ်ကြောင်း သြဂုတ် ၂၃ ရက်တွင် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်က တရုတ်ပြည်မကြီးနှင့် ကီလိုမီတာအနည်းငယ်သာ ကွာဝေးသည့် ထိုင်ဝမ်၏ ကင်မန်ကျွန်းပေါ်သို့ ရောက်ရှိချိန်တွင် ပြောကြားခဲ့သည်။

သြဂုတ် ၂၃ ရက်သည် 8 2 3 bombardment ဟုလူသိများသည့် တရုတ်က ကင်မန်ကျွန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ၆၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။

ထိုင်ဝမ်က ထိန်းချုပ်ထားသည့် ထိုကျွန်းသည် တရုတ်၏ ကမ်းရိုးတန်းမှ ၅ ကီလိုမီတာ (၃ မိုင်)အကွာတွင် တည်ရှိသည်။

မေလက သမ္မတအဖြစ်စတင်ရုံးထိုင်ခဲ့သည့် လိုင်သည် သမ္မတတစ်ဦးအဖြစ် ကင်မန်ကျွန်းသို့ ပထမဆုံးသွားရောက်သည့် ခရီးစဉ်အတွင်း တရုတ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သူများကို မြှုပ်နှံထားသည့် သုသာန်ကို သွားရောက်ခဲ့ပြီး လွမ်းသူပန်းခွေချခဲ့သည်။

၁၉၅၈ ခုနှစ်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ကင်မန်ကျွန်းနှင့် အနီးတစ်ဝိုက်ရှိ ကျွန်းငယ်များကို လက်နက်ကြီးဖြင့် အချက်ရေ ၄၇၀၀၀၀ ပစ်ခတ်ခဲ့သဖြင့် ထိုင်ဝမ်စစ်မှုထမ်းများနှင့် အရပ်သား စုစုပေါင်း ၆၁၈ ဦး သေဆုံးခဲ့ကာ ထိုတိုက်ခိုက်မှုသည် ၄၄ ရက် ကြာမြင့်ခဲ့သည်။

“ကျွန်တော်တို့ ထိုင်ဝမ်ကို ကာကွယ်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စစ်သားတွေရဲ့ စိတ်ဓာတ်ကို ဆက်လက်မွေးမြူရပါမယ်”ဟု လိုင်က စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစုများ တက်ရောက်သည့် ဂုဏ်ပြုထမင်းစားပွဲတွင် ပြောကြားခဲ့သည်။

“လက်ရှိ ထိုင်ဝမ်၊ ဖန်ဂူ၊ကင်မန်နဲ့ မတ်ဆုကျွန်းတွေအပေါ် တရုတ်ရဲ့ ခြိမ်းခြောက်မှုဟာ ပြီးခဲ့တဲ့နှစ်တွေကထက် လျော့နည်းနေတာ မျိုးမရှိခဲ့ပါဘူး”ဟု လိုင်က ထိုင်ဝမ်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ကျွန်းစုများကို ရည်ညွှန်းပြောဆိုခဲ့သည်။

“တကယ်လို့ ကျွန်တော်တို့ဟာ အနာဂတ်မှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို ခုခံချင်တယ်ဆိုရင် ကျွန်တော်တို့အားလုံး တစ်ပေါင်းတစ်စည်းတည်း စည်းလုံးညီညွတ်ရမှာ ဖြစ်တယ်။ ကျွန်တော်တို့မှာ အမျိုးသားအချုပ်အခြာအာဏာနဲ့ ဒီမိုကရေစီလုံခြုံရေးကို ကာကွယ်ရမယ့် ရည်မှန်းချက်တစ်ခုပဲရှိပါတယ်”ဟု လိုင်က ပြောကြားခဲ့သည်။

သြဂုတ် ၂၁ ရက်ကလည်း လိုင်က ထိုင်ဝမ်သည် တရုတ်၏ တစ်ခုတည်းသောပစ်မှတ် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်၏ အင်အားချဲ့ထွင်မှုကို ထိန်းချုပ်ဟန့်တားရန်အတွက် စည်းလုံးညီညွတ်ကြရန် ဒီမိုကရေစီနိုင်ငံများကို တိုက်တွန်းခဲ့သည်။

“တရုတ်ရဲ့ မြင့်တက်လာတဲ့ အာဏာရှင်စနစ်ဟာ ထိုင်ဝမ်နဲ့တင် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ပြီးတော့ ထိုင်ဝမ်ဟာလည်း တရုတ်ရဲ့ စီးပွားရေးဖိအားတွေရဲ့ တစ်ခုတည်းသော ပစ်မှတ်မဟုတ်ပါဘူး” ဟု လိုင်က ထိုဖို ရမ်သို့ တက်ရောက်လာသည့် ၁၁ နိုင်ငံမှ ပညာရှင်များနှင့် နိုင်ငံရေးသမားများကို ပြောကြားခဲ့သည်။

“တရုတ်ဟာ စည်းမျဉ်းအခြေပြု နိုင်ငံတကာအခင်းအကျင်းကို ပြောင်းလဲဖို့ ရည်ရွယ်ထားပါတယ်။ အဲဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ခိုင်မာတဲ့ လုပ်ရပ်တစ်ခုကို အတူတကွ လုပ်ဆောင်ရပါလိမ့်မယ်။ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်မှသာ အာဏာရှင်စနစ်ချဲ့ထွင်မှုကို ဟန့်တားနိုင်ပါလိမ့်မယ်”ဟု လိုင်က ပြောကြားခဲ့သည်။

မေ ၂၀ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် လိုင်သည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ကာကွယ်သည့် ရပ်တည်ချက်ကြောင့် တရုတ်က ၎င်းကို အန္တ ရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် တံ ဆိပ်ကပ်ခဲ့သည်။ တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းယူမည်ဟု ပြောကြားခဲ့သည်။                  

Ref:AFP