နစက၏ NSPNC၊ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နစက၏ NSPNC၊ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 24 August 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၃ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းများကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) စောမြရာဇာလင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စား ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့က နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိပကတိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရာတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်စေလိုသည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသများအတွင်း ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် လိုအပ်သည့် ပူးပေါင်းမှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်ပြီး မိမိတို့၏ သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကျေးဇူးတင်စကားပြောကြားကာ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အလားတူ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ၏ ကိုယ်စားလှယ်အဖွဲ့တို့သည် သြဂုတ် ၂၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ညှိနှိုင်းရေး ကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများမှ ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မေတာ်(DKBA) ဗဟိုဆက်ဆံရေးဌာနမှူး စောကျော်သန်းဋ္ဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ ဒုတိယဥက္ကဋ္ဌ ကြာဖူး၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိမ်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တက်ရောက်လာကြသည့် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ ကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က တွေ့ဆုံဆွေးနွေး ပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးမှု အကူအညီ ပေးအပ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့အတူ တက်ရောက်လာကြသည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်း များကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။