သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦး လက်လုပ်မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့သည့်အတွက် ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့

သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦး လက်လုပ်မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့သည့်အတွက် ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့
Published 23 August 2024

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာဒေသခံအမျိုးသားတစ်ဦးမှာ ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက လက်လုပ်မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့သည့်အတွက် ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ 

ဩဂုတ် ၂၂ ရက် နံနက် ၉ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာနေ အသက် (၃၀) နှစ်အရွယ် ကိုစိုးသန်းဆိုသူမှာ ထင်းခုတ်ရန်အတွက် ၎င်း၏နေအိမ်မှ ရဲတံခွန်ကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ ရော်ဘာခြံအတွင်းသို့ သွားရောက်စဉ် လက်လုပ်မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ကိုစိုးသန်းရဲ့ ခြေထောက်နှစ်ဖက်လုံးမှာ မိုင်းစထိမှန်ဒဏ်ရာတွေရရှိသွားပါတယ်။ ဘယ်ဘက်ဒူးခေါင်းမှာလည်း မိုင်းစဖောက်ဝင်ဒဏ်ရာရသွားတယ်။ နောက်ဘယ်ဘက်လက်ချောင်းမှာလည်း မိုင်းစထိမှန်ဒဏ်ရာရသွားပါတယ်” ဟုပြောကြားသည်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိုစိုးသန်းအား ဒေသခံများက သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကလည်း ရေးမြို့နယ် တူးမြောက်ကျေးရွာနေ အသက် (၅၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ တူးမြောင်းကျေးရွာအနီးရှိ တောအတွင်း မျှစ်သွားချိုးစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ရာမှ ဘယ်ဘက်ခြေထောက် ဒူးခေါင်းအောက်ပိုင်းပြတ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယခုနှစ် မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုများကြောင့် အရပ်သားဒေသခံပြည်သူ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။