ရန်သူ့တိုက်လေယာဉ်များကို ဒုံးကျည်များဖြင့် ကြားဖြတ်တိုက်ခိုက်သည့် စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ် ပြုလုပ်

ရန်သူ့တိုက်လေယာဉ်များကို ဒုံးကျည်များဖြင့် ကြားဖြတ်တိုက်ခိုက်သည့် စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ် ပြုလုပ်
Published 20 August 2024

ထိုင်ဝမ်အနေဖြင့် တရုတ်အား ရင်ဆိုင်ရန်အတွက် တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိစဉ် သြဂုတ် ၂၀ ရက်က လက်နက်စမ်းသပ်မှု ပြုလုပ်သည့် နေရာတစ်ခု၌ ရန်သူ့တိုက်လေယာဉ်များနှင့် လက်နက် ခဲယမ်းများကို ကြားဖြတ်တိုက်ခိုက်သည့် အသွင်သဏ္ဌာန် ဖန်တီးထားသော ဒုံးကျည်ပစ်ခတ်မှုဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

တရုတ်က ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်သည်ဟု အခိုင်အမာပြောဆိုထားပြီး ထိုင်ဝမ်ကျွန်းအနီးသို့ ဒရုန်းများ၊ ဂျက်တိုက်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ စေလွှတ်ကာ စစ်ရေးအရတိုးမြှင့်ဖိအားပေးလျက်ရှိသည်။

မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ်သည် ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်ကို ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့ပြီး ငွေကြေးအလုံးအရင်းအသုံးပြုကာ စစ်လက်နက်များ ဝယ်ယူဖြည့်တင်းနေသကဲ့သို့ စစ်တပ်အားပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်းထုတ် စစ်လက်နက်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံရန် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားသည်။

သြဂုတ် ၂၀ ရက်က ထိုင်ဝမ်စစ်တပ်သည် တောင်ပိုင်းဖျင်တုံဒေသရှိ ကျူဖန်းအခြေစိုက်စခန်းမှ ပြည်တွင်းထုတ် Sky Bow-III ဒုံးကျည်များနှင့် အမေရိကန်လုပ် ပက်ထရီယော့ -II ဒုံးကျည်များကို ဝေဟင်သို့ စမ်းသပ်ပစ် လွှတ်ခဲ့သည်။

ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် သတင်းထောက်များသည် အဆိုပါအခြေစိုက်စခန်းသို့ သွားရောက်သတင်းယူခွင့်ရခဲ့သည်။ အဆိုပါ အခြေစိုက်စခန်းတွင် ထိုင်ဝမ်အစိုးရက စီမံခန့်ခွဲနေပြီး စစ်လက်နက်တီထွင်ထုတ်လုပ်မှုများကို အဓိက လုပ်ဆောင်နေသည့် Chung-Shan သိပ္ပံနှင့်နည်းပညာ အင်စတီကျုတည်ရှိသည်။

“ဒီကနေ့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အားလုံးဟာ ပစ်မှတ်တွေရှိရာကို တန်းတန်းမတ်မတ် ထိမှန်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်မှုဟာ သိပ်ကိုခိုင်မာစိတ်ချရမှုရှိတာကို ထင်ထင် ရှားရှား ပြသနေတယ်”ဟု ကာကွယ်ရေးဝန် ကြီးဌာနပြောခွင့်ရ ဆွန်းလိဖန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

နံနက်အရုဏ်တက်ချိန်တွင် ထိုင်ဝမ်တပ်ဖွဲ့ဝင်များသည် ဒုံးကျည်အမျိုးအစားနှစ်မျိုးကို ဝေဟင်သို့ပစ်လွှတ်ခဲ့ပြီး RIM-66 Standard ဒုံးကျည်များကို ကမ်းလွန်ရေပြင်ရှိ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းမှ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

ယင်းလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးစွမ်းရည်အသီးသီးကို မြှင့်တင်ရန်ဖြစ်ကြောင်း ထိုင်ဝမ်လေတပ်မှ အရာရှိတစ်ဦးက ဆိုသည်။

သီးခြားအနေဖြင့် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် သြဂုတ် ၂၀ ရက် နံနက် ၆ နာရီ အထိ ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ငါးစင်းနှင့်ရေတပ်သင်္ဘော ၁၁ စင်းအားတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်စစ်တပ်သည် တရုတ်စစ်တပ်နှင့် နှိုင်းယှဉ်ပါက အင်အားအဆမတန်နည်း ပါးနေသည်။

သို့သော် ထိုင်ဝမ်သည် ၎င်းတို့စစ်တပ်အတွက်ရေငုပ်သင်္ဘောကဲ့သို့ အဆင့်မြင့် စစ်လက်နက်ပစ္စည်းအသစ်များကို အင်အားဖြည့်တင်းနေသည့်အပြင် ဘက်မညီစစ်ပွဲအယူအဆကို ကျင့်သုံး၍ ၎င်း၏တပ်ဖွဲ့ဝင်များ ပိုမိုလှုပ်ရှားစစ်ကစားနိုင်စေပြီး ရန်သူကတိုက်ခိုက်ရ ပိုမိုခက်ခဲစေရန် ပြင်ဆင်မှုများ လုပ် ဆောင်လျက်ရှိကာ ယာဉ်တင်ဒုံးလက်နက်များနှင့် ဒရုန်းများကိုလည်း ဖြည့်တင်းလျက်ရှိသည်။ သမ္မတလိုင်ချင်းတယ်က ထိုင်ဝမ်၏ ဒီမိုကရေစီကို ကာကွယ်သွားမည်ဟု သမ္မတရာထူးအပ်နှင်းပွဲတွင် ကတိပြုပြောကြားခဲ့သည်။                           

Ref: AFP

Most Read

Most Recent