ပါကစ္စတန်တွင်ပြုလုပ်ခဲ့သည့် နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက် အီရန်နိုင်ငံရှိ ဆိပ်ကမ်းအားလုံးကို ဧပြီ ၁၃ ရက်မှစတင်ကာ ပိတ်ဆို့သွားမည်ဟု အမေရိကန်စစ်တပ်က ကြေညာလိုက်သည်။
ဒုတိယသမ္မတ ဂျေဒီဗန့်စ်ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့တို့ ပါကစ္စတန်နိုင်ငံ ၊ အစ္စလာမာဘတ်မြို့တွင် တွေ့ဆုံမှု သဘောတူညီချက်မရဘဲ အဆုံးသတ်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြား၏ ကုန်သွယ်ရေးလမ်းကြောင်းကို ရေတပ်ဖြင့် ပိတ်ဆို့သွားမည်ဟု ထရန့်က လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။
အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ အဆိုပါပိတ်ဆို့မှုကို ဧပြီ ၁၃ ရက် (မြန်မာစံတော်ချိန် ည ၈ နာရီခွဲ) တွင် စတင်မည်ဖြစ်ပြီး အီရန်ဆိပ်ကမ်းများသို့ ဝင်ရောက်မည့် သို့မဟုတ် ထိုဆိပ်ကမ်းများမှထွက်ခွာမည့် နိုင်ငံခြားသင်္ဘောအားလုံးကို တားဆီးသွားမည်ဖြစ်သည်။ သို့သော် အီရန်ဆိပ်ကမ်းမဟုတ်သည့် အခြားနေရာများသို့ သွားရောက်မည့် သင်္ဘောများကိုမူ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုမည်ဟု ဆိုသည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့က အပြည့်အဝထိန်းချုပ်ထားကာ စိန်ခေါ်လာသူမှန်သမျှကို ပြင်းထန်စွာ တုံ့ပြန်မည်ဟု ကြိမ်းဝါးထားသည်။
ထရန့်က ၎င်း၏ရည်မှန်းချက်မှာ ရေလက်ကြားအတွင်းရှိ မိုင်းများကို ရှင်းလင်းပြီး ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ရန်ဖြစ်ပြီး အီရန်အနေဖြင့် ယင်းလမ်းကြောင်းအပေါ် အခွင့်ကောင်းယူ အကျိုးအမြတ်ရရှိမည်ကို ခွင့်မပြုနိုင်ဟု ပြောကြားခဲ့သည်။
"ကမ္ဘာ့အကောင်းဆုံးဖြစ်တဲ့ အမေရိကန်ရေတပ်က ဟော်မုဇ်ရေလက်ကြားကို ဝင်ထွက်မယ့်သင်္ဘောမှန်သမျှကို ချက်ချင်းအာဏာသက်ရောက်တဲ့ ပိတ်ဆို့မှု စတင်တော့မှာပါ"ဟု ထရန့်ကဆိုပြီး အမေရိကန်ကိုဖြစ်စေ၊ အေးချမ်းစွာသွားလာနေသည့် သင်္ဘောများကိုဖြစ်စေ ပစ်ခတ်လာသည့် အီရန်နိုင်ငံသားအားလုံး ငရဲပို့ပစ်မည်ဟု သတိပေးထားသည်။
စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းသည် ဧပြီ ၁၃ ရက်တွင် ရှစ်ရာခိုင်နှုန်းခန့်အထိ မြင့်တက်သွားပြီး ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိဖြစ်သွားသည်။ ယာယီအပစ်အခတ်ရပ်စဲရေးကာလအတွင်း ကျဆင်းနေခဲ့သည့် ရေနံဈေးကွက်ကို ပြန်လှုပ်ခတ်စေခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ဘက်က အလွန်အကျွံတောင်းဆိုမှုများကြောင့် သဘောတူညီချက် မရရှိခဲ့ခြင်းဟုဆိုကာ ဒုတိယသမ္မတဂျေဒီဗန့်စ်ကလည်း အမေရိကန်ဘက်က အကောင်းဆုံးနှင့် နောက်ဆုံးကမ်းလှမ်းမှုကို လုပ်ဆောင်ခဲ့ပြီးပြီဟု တုံ့ပြန်ခဲ့သည်။
Ref: AFP















