ဧပြီ ၂၅ ရက်ညက အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သမ္မတထရန့်က အဆိုပါအခမ်းအနားကို လာမည့်ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်ပို့စ်မှတစ်ဆင့် အသိပေးလိုက်သည်။
ပို့စ်ထဲတွင် ထရန့်က သမ္မတကတော်၊ ဒုတိယသမ္မတနှင့် အစိုးရအဖွဲ့ဝင်အားလုံး ဘေးကင်းလုံခြုံစွာ ရှိနေကြောင်းလည်း အတည်ပြုခဲ့သည်။
ပစ်ခတ်မှုကြောင့် ပွဲပျက်သွားသည့် အဆိုပါအခမ်းအနားကို တစ်လအတွင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး ယခင်ထက် ပိုမိုကြီးကျယ်ခမ်းနားပြီး ပိုကောင်းသည့်အစီအစဉ်များဖြင့် ပြုလုပ်သွားမည်ဟု ထရန့်ကဆိုသည်။
အိမ်ဖြူတော်ကိုပြန်ရောက်ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် Secret Service အဖွဲ့၏ အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်မှုကို ချီးကျူးခဲ့သည်။ပစ်ခတ်မှုအတွင်း Secret Service အဖွဲ့ဝင်တစ်ဦး အနီးကပ်သေနတ်မှန်ခဲ့ပြီး ကျည်ကာအကျႌ ဝတ်ဆင်ထားသည့်အတွက် ဒဏ်ရာပြင်းထန်မှုမရှိဘဲ အခြေအနေကောင်းမွန်ကြောင်း သိရသည်။
သေနတ်သမားနှင့်ပတ်သက်၍ ထရန့်က “ကျွန်တော် ထင်တာတော့ သူက ကယ်လီဖိုးနီးယားမှာ နေတဲ့သူပဲ။ စိတ်မနှံ့တဲ့သူ၊ တကယ့်ကို စိတ်ဝေဒနာ ခံစားနေရတဲ့သူ” ဟု မှတ်ချက်ပေးခဲ့သည်။
Ref & Photos: Fox News















