နေတိုးအဖွဲ့သည် တရုတ်ကို သားပုပ်လေလွင့် စွပ်စွဲတိုက်ခိုက်နေကြောင်း တရုတ် ဝေဖန်

နေတိုးအဖွဲ့သည် တရုတ်ကို သားပုပ်လေလွင့် စွပ်စွဲတိုက်ခိုက်နေကြောင်း တရုတ် ဝေဖန်
ဇူလိုင် ၉ ရက်က ၀ါရှင်တန်တွင်နေတိုးအဖွဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၉ ရက်က ၀ါရှင်တန်တွင်နေတိုးအဖွဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တွေ့ရစဉ်(Photo:AFP)
Published 10 July 2024

နေတိုးအဖွဲ့သည် တရုတ်ကို သားပုပ်လေလွင့် စွပ်စွဲတိုက်ခိုက်နေကြောင်း တရုတ်က ဇူလိုင် ၉ ရက်တွင် ဝေဖန်ခဲ့သည်။

တရုတ်သည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို ထောက်ပံ့ပေးနေကြောင်း နေတိုးအဖွဲ့က ၀ါရှင်တန်တွင်ပြုလုပ်မည့် အစည်းအဝေးမတိုင်မီ စွပ်စွဲခဲ့ပြီးနောက် တရုတ်၏ တုံ့ပြန်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဇူလိုင် ၉ ရက်မှစပြီး ၃ ရက်ကြာပြုလုပ်မည့် နေတိုးအစည်းအဝေးကို တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခေါင်းဆောင်များကို အိမ်ရှင်အဖြစ် လက်ခံပြီး အစည်းအဝေး ပြုလုပ်နေသည်။

နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစတိုတန် ဘာ့ချ်ကမူ ၇၅ နှစ်ပြည့် နေတိုးနှစ်ပတ်လည်  ညီလာခံ မတိုင်မီပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့၏ ပါဝင်မှုသည် ဒေသတွင်း လုံခြုံရေး အတွက်သာမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက်ဖြစ်ကြောင်း ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းကို တရားမဝင်စစ်ပွဲ ဆင်နွှဲနေသည့် ရုရှားကို အီရန်၊ မြောက်ကိုရီးယားနှင့် တရုတ်တို့က ကူညီထောက်ပံ့ပေးနေသည့်အချက်ကို ပေါ်လွင်စေသည်ဟုလည်း စတိုတန်ဘာ့ချ်က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဆိုဗီယက်ယူနီယံကို တန်ပြန်ရန် စုပေါင်းလုံခြုံရေးအင်အားစု တစ်ခုရှိလာစေရန်အတွက် ၁၉၄၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် နေတိုးအဖွဲ့ကို ပြန်လည်တုံ့ပြန်ခဲ့သည်။

နေတိုးအဖွဲ့က ပြောကြားနေသည့် လုံခြုံရေးဆိုသည့် စကားရပ်သည် အခြားနိုင်ငံများ၏ လုံခြုံရေးကို ထိခိုက်စေပြီး၊ ၎င်းတို့အဖွဲ့၏ လုပ်ရပ်များသည် ဒေသတွင်းနှင့် ကမ္ဘာကြီးအတွက် အလွန်မြင့်မားသည့် အန္တရာယ်များကို ဆောင်ကြဉ်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပေကျင်းမြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နေတိုးအဖွဲ့၏ တရုတ်အပေါ် သားပုပ်လေလွင့်စွပ်စွဲတိုက်ခိုက်မှုများ၊ အခြားသူများအပေါ် အပြစ်ပုံချလိုသည့် ဆန္ဒများ၊ တရုတ်ကို အကြောင်းပြပြီး အာရှ-ပစိဖိတ်ဒေသအတွင်းသို့ အရှေ့ဘက်စူးစူးကို ဝင်ရောက်လာပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်စေမှုများကို တရုတ်က ပြင်းထန်စွာရှုတ်ချကြောင်း လင်က ပြောကြား ခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့် ရွေးကောက်ပွဲများ ရှိနေသည့်တိုင် နေတိုးခေါင်းဆောင်များသည် ၀ါရှင်တန်တွင် စုရုံးတွေ့ဆုံနေခြင်း ဖြစ်သည်။

ဘိုင်ဒင်သည် ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့သည့် စကားစစ်ထိုးပွဲတွင် ၎င်း၏ ပြိုင်ဘက်ဖြစ်သည့် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ကောင်းမွန်စွာ ယှဉ်ပြိုင်မပြောဆိုနိုင်ခဲ့သဖြင့် နိုင်ငံရေးဖိအားများနှင့် ရင်ဆိုင်နေရသည်။

ထရန့်သည် နေတိုးအဖွဲ့အပေါ် အယုံအကြည်ကင်းမဲ့သူဖြစ်သည်။ လက်ရှိ ပြုလုပ်နေသည့် နေတိုး အဖွဲ့အစည်းအဝေးတွင် အဓိက အာရုံစိုက်ခံထားရသူသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီး ဖြစ်သည်။

နေတိုးအဖွဲ့သည် ယူကရိန်းကို အဖွဲ့ဝင် ဖြစ်ခွင့်မပြုသေးသည့်တိုင် ဇယ်လန်စကီးက နေတိုး၏ ခိုင်မာသည့် ထောက်ခံမှုများကို ဆက်လက်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

နေတိုးအဖွဲ့အစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုဖြစ်သည့် ဇူလိုင် ၈ ရက်တွင်မူ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ရုရှားနိုင်ငံ မော်စကိုမြို့တော်သို့ သွားရောက်ခဲ့ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် အလွတ်သဘော တွေ့ဆုံခဲ့သည်။

မိုဒီသည် ရုရှားအရှေ့ဖျားရှိ ဗလာဒီဗော့ စတော့ဆိပ်ကမ်းမြို့တွင် ပြုလုပ်သည့် ဖိုရမ်တစ်ခုအား တက်ရောက်ရန် ၂၀၁၉ ခုနှစ်က ရုရှားသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ပြီး ပူတင်နှင့် တွေ့ဆုံခဲ့သည်။ ခေါင်းဆောင်နှစ်ဦး သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဥဇဘက်ကစ္စတန်တွင် ပြုလုပ်သည့် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက် ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးတွင်လည်း တွေ့ဆုံခဲ့သည်။

Ref:AFP

                                              

Most Read

Most Recent