တော်ဝင်အသရေဖျက်မှုဆိုင်ရာ စွဲချက်များကို ရင်ဆိုင်ရန်အသင့်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြောကြား

တော်ဝင်အသရေဖျက်မှုဆိုင်ရာ စွဲချက်များကို ရင်ဆိုင်ရန်အသင့်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြောကြား
ဇွန် ၅ ရက်က ဘန်ကောက်မြို့တော်ရှိ အလှပြင်ဆိုင်တစ်ဆိုင်ထဲမှ ထွက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်
ဇွန် ၅ ရက်က ဘန်ကောက်မြို့တော်ရှိ အလှပြင်ဆိုင်တစ်ဆိုင်ထဲမှ ထွက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်
Published 9 June 2024

ထိုင်းနိုင်ငံတွင် ဘုရင်စနစ်အား ဝေဖန်တိုက်ခိုက်မှုနှင့်ပတ်သက်သည့် စွဲချက်များကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။

သက်ဆင်၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်၏ အစိုးရအား ဖြုတ်ချခဲ့သည့် တော်ဝင်မိသားစုသစ္စာခံ စစ်တပ်က တင်သွင်းခဲ့သည့်  တိုင်ချက်ဖွင့်မှုတွင် သက်ဆင်သည် ၂၀၁၅ ခုနှစ်က ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူး ပြုလုပ်ချိန်အတွင်း ပြောကြားခဲ့သည့် မှတ်ချက်များကို တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အခြားစွဲချက်များတွင် ကွန်ပြူတာရာဇဝတ်မှု ဥပဒေအား ချိုးဖောက်မှုလည်း ပါဝင်ခဲ့သည်။

သက်ဆင်ကမူ သူသည် ဇွန် ၁၈ ရက်တွင် အစိုးရရှေ့နေများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့ သော်လည်း သူသည် ထိုအမှုနှင့်ပတ်သက်ပြီး စိုးရိမ်ခြင်းမရှိဘဲ ဖြေရှင်းရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

“ဒါက ဘာမှမဟုတ်ပါဘူး။ ဒီအမှုက အခြေအမြစ်မရှိပါဘူး”ဟု သက်ဆင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ကမူ သူသည် အမှားအယွင်းမရှိကြောင်း ငြင်းဆိုထားပြီး တော်ဝင်မိသားစုကို သစ္စာစောင့်သိကြောင်း ထပ်တလဲလဲ ကတိပြုခဲ့သည်။

သက်ဆင်၏ အမှုသည် မကြာသေးမီနှစ်များအတွင်းက တော်ဝင်အသရေဖျက်မှုဥပဒေဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း ၂၇၀ ကျော်အနက် အထင်ရှားဆုံး အမှုဖြစ်ခဲ့သည်။

ထိုဥပဒေဖြင့် ပြစ်မှုထင်ရှားစီရင်ခံရမည်ဆိုပါက စွဲချက်တစ်ခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။

သက်ဆင်သည် သာမန်လူထု၏ အကျိုးကိုမျှော်သည့် ၀ါဒီဖြစ်သည့် ဖြူထိုင်းပါတီကို ထူထောင်ခဲ့ပြီး ၎င်းတို့ မိသားစု၏ ပါတီများသည် ၂၀၀၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတစ်ခုမှလွဲပြီး ကျန်ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သည်။

သို့သော် ရှင်နာဝပ် အစိုးရသုံးဖွဲ့သည် အာဏာသိမ်းခံရခြင်း သို့မဟုတ် တရားရုံး၏ စီရင်ချက်များကြောင့် ဖြုတ်ချခံခဲ့ရသည်။

ဘီလျံနာတစ်ဦးဖြစ်သူသည် ပြည်ပတွင် ပြည်ပြေးဘဝဖြင့် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

သူသည် အာဏာအလွဲသုံးမှုနှင့် အခြားစွဲချက်များဖြင့် ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဘုရင်က ၎င်း၏ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။

သူသည် ထောင်ဒဏ်ခြောက်လသာ ကျခံခဲ့ရပြီးနောက် ယခုနှစ်ဖေဖော်ဝါရီလတွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

ဖြူထိုင်းပါတီဦးဆောင်သည့် လက်ရှိအစိုးရတွင် သက်ဆင်၏ စီးပွားရေးမဟာမိတ်ဖြစ်သည့် ဆရီထာ ထာဝီဆင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကာ သက်ဆင်၏ သမီးဖြစ်သူ ပါအယ်ထုံတန် ရှင်နာဝပ်က ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။

ထိုအချိန်အတောအတွင်း ဖြူထိုင်းပါတီ၏ အတိုက်အခံဖြစ်သည့် Move Forward ပါတီ (MFP) သည် တော်ဝင်အသရေဖျက်မှု ဥပဒေကို ပြုပြင်ပြောင်းလဲမည်ဆိုသည့် ကတိစကားကြောင့် ပါတီဖျက်သိမ်း ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

MFP ခေါင်းဆောင်ဟောင်းဖြစ်သည့် ပီတာလင်ဂျာရွန်ရန်ကမူ တရားရုံးတွင် ပါတီအား ဖျက်သိမ်းရန် တိုင်ကြားထားသည့် အမှုတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်ကြောင်း ဇွန် ၉ ရက်က ပြောကြားခဲ့သည်။

ပီတာ၏ MFP ပါတီသည် ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် နေရာ အများဆုံးအနိုင်ရခဲ့ သော်လည်း ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ်များက ၎င်းအားဝန်ကြီးချုပ်မဖြစ်စေရန် ဟန့်တားခဲ့ သည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် MFP အားဖျက်သိမ်းရန် အသနာခံစာကို စဉ်းစားလျက်ရှိသည်။

                                                   Ref:Reuters

Most Read

Most Recent