မြောက်ကိုရီးယားက နယ်စပ်တွင် အမှိုက်များပါသည့် ရာနှင့်ချီသော မိုးပျံပူဖောင်းများ ထပ်မံလွှတ်တင်၊ အသံချဲ့စက်များဖြင့် ၀ါဒဖြန့်မှုများကို ပြန်လည်လုပ်ဆောင်မည်ဟု တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားက နယ်စပ်တွင် အမှိုက်များပါသည့် ရာနှင့်ချီသော မိုးပျံပူဖောင်းများ ထပ်မံလွှတ်တင်၊ အသံချဲ့စက်များဖြင့် ၀ါဒဖြန့်မှုများကို ပြန်လည်လုပ်ဆောင်မည်ဟု တောင်ကိုရီးယား ပြောကြား
ဇွန် ၉ ရက်က ဆိုးလ်မြို့တော်ရှိ လမ်းတစ်ခုပေါ်တွင် မြောက်ကိုရီးယားမိုးပျံပူဖောင်းများမှ ကျလာခဲ့သည့် စက္ကူအပိုင်းအစများကို တွေ့ရစဉ်(Photo:AFP)
ဇွန် ၉ ရက်က ဆိုးလ်မြို့တော်ရှိ လမ်းတစ်ခုပေါ်တွင် မြောက်ကိုရီးယားမိုးပျံပူဖောင်းများမှ ကျလာခဲ့သည့် စက္ကူအပိုင်းအစများကို တွေ့ရစဉ်(Photo:AFP)
Published 9 June 2024

မြောက်ကိုရီးယားသည် နှစ်နိုင်ငံနယ် စပ်ဒေသတစ်လျှောက် အမှိုက်များပါရှိသည့်  မိုးပျံပူဖောင်းရာချီကို လွှတ်တင်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား မိုးပျံပူဖောင်း များအပြန်အလှန်လွှတ်တင်မှုများ ပိုမိုအရှိန် မြင့်တက်လာခဲ့သည်။

ဇွန် ၁ ရက်ကတည်းကစတင်ပြီး မြောက်ကိုရီးယားသည် အမှိုက်အိတ်များချည်နှောင်ထားသည့် မိုးပျံပူဖောင်းအလုံး ၃၃၀ ခန့်ကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

ထိုမိုးပျံပူဖောင်းများထဲမှ ပူဖောင်းအလုံး ၈၀ ခန့်သည် မိမိတို့နယ်မြေများအတွင်းသို့ ကျရောက်ခဲ့သည်ဟု တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့(JCS) က ဇွန် ၉ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မိမိတို့၏ လေ့လာမှုများအရ ဘေးကင်းလုံခြုံရေးကို ထိခိုက်စေမည့် ပစ္စည်းများကို မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး မိုးပျံပူဖောင်များနှင့်အတူ ပါလာသည့် အမှိုက်များထဲတွင် စက္ကူစုတ်များနှင့် ပလပ် စတစ်အမှိုက်များပါဝင်သည်ဟု ဆိုသည်။

ဆိုးလ်မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် ဂျီယွန်ဂီပြည်နယ်အရာရှိများက မိုးပျံပူဖောင်းများနှင့်ပတ်သက်ပြီး ဒေသခံများအား ဇွန် ၈ ရက်တွင် မက်ဆေ့ချ်များပေးပို့ပြီး သတိပေးခဲ့သည်။

“မြောက်ကိုရီးယားဟာ ကျွန်တော်တို့ရဲ့ အရပ်ဘက်နေရာတွေကို အမှိုက်တွေပါတဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်ပြီး နောက်ထပ်ယုတ်ညံ့တဲ့ ရန်စမှုကို လုပ်ဆောင်နေပါတယ်”ဟု ဆိုးလ်မြို့တော်ဝန် အိုဆီဟွန်းက Facebook တွင် ရေးသားခဲ့သည်။

မကြာသေးမီသီတင်းပတ်များအတွင်းကလည်း တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများသည် K-pop သီချင်းများ၊ ဒေါ်လာငွေစက္ကူများ၊ ကင်ဂျုံအွန်အားဆန့်ကျင်သည့် ၀ါဒဖြန့်မှုများပါဝင်သည့် မိုးပျံပူဖောင်းများကို မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့သဖြင့် မြောက်ကိုရီးယားကို ဒေါသထွက်စေခဲ့သည်။

တောင်ကိုရီးယား၏ အဆိုပါလုပ်ဆောင်မှုများကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားက ယခုကဲ့သို့ အမှိုက်များပါသည့် မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားကလည်း မြောက်ကိုရီးယား၏ မိုးပျံပူဖောင်းများလွှတ်တင်မှုကို တုံ့ ပြန်သည့်အနေဖြင့် နယ်စပ်ဒေသတွင် မြောက်ကိုရီးယားဆန့်ကျင်သည့် အသံချဲ့စက်များနှင့် ၀ါဒဖြန့်လှုပ်ရှားမှုများကို ပြန် လည်စတင်မည်ဟု ဇွန် ၉ ရက်က ကြေညာခဲ့သည်။ထို့ပြင် မြောက်ကိုရီးယား၏ နောက်ဆုံး အကြိမ် မိုးပျံပူဖောင်များ လွှတ်တင်မှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီက အစည်းအဝေးပြုလုပ်ခဲ့သည်။

တောင်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုများလျှော့ချရန် ရည်ရွယ်ထားသည့် ၂၀၁၈ စစ်ရေးသဘောတူညီချက်ကို ယခုလတွင် ဆိုင်းငံ့ခဲ့သသဖြင့် အသံချဲ့စက်များနှင့် ၀ါဒဖြန့်လှုပ်ရှားမှု၊ ကျည်အ စစ်များနှင့် စစ်ရေးလေ့ကျင့်မှုများကို ပြန်လည်စတင်ရန် လမ်းပွင့်သွားခဲ့သည်။

“ကျွန်တော်တို့ဟာ မြောက်ကိုရီးယားကို ဆန့်ကျင့်တဲ့ အသံချဲ့စက်နဲ့ ထုတ်လွှတ်မှုတွေကို ဒီနေ့မှာ တပ်ဆင်သွားတော့မှာပါ”ဟု တောင်ကိုရီးယားသမ္မတရုံးက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်ပေါ်တွင်  တင်းမာမှုများမြင့်တက်မှုအတွက် မြောက်ကိုရီးယားတွင် အလုံးစုံတာဝန်ရှိကြောင်း ထပ် လောင်းဖော်ပြခဲ့သည်။               

Ref:AFP

 

Most Read

Most Recent